သံယုတ္တနိကာယ်—၃၅

(၁၅) ၅—နဝပုရာဏဝဂ်

၉—ဣန္ဒြိယသမ္ပန္နသုတ်

၁၅၄။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ ထစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား— အသျှင်ဘုရား “ဣန္ဒြေနှင့် ပြည့်စုံသူ ဣန္ဒြေနှင့် ပြည့်စုံသူ”ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် ဣန္ဒြေနှင့် ပြည့်စုံသူ ဖြစ်ပါသနည်းဟု ဤစကားကို လျှောက်၏။

ရဟန်းသည် စက္ခုန္ဒြေ၌ အဖြစ်အပျက်ကို အဖန်ဖန် ရှု၍ နေခဲ့မူ စက္ခုန္ဒြေ၌ ငြီးငွေ့၏။ပ။ ရဟန်းသည်ဇိဝှိန္ဒြေ၌ အဖြစ်အပျက်ကို အဖန်ဖန် ရှု၍ နေခဲ့မူ ဇိဝှိန္ဒြေ၌ ငြီးငွေ့၏။ပ။ ရဟန်းသည် မနိန္ဒြေ၌ အဖြစ်အပျက်ကို အဖန်ဖန် ရှုလျက် နေခဲ့မူ မနိန္ဒြေ၌ ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏။ပ။ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ‘လွတ်မြောက်ပြီ’ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ရဟန်းသည် ဤမျှသောအကြောင်းဖြင့် ဣန္ဒြေနှင့် ပြည့်စုံသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။