သံယုတ္တနိကာယ်—၃၅
(၁၈) ၃—သမုဒ္ဒဝဂ်
၁—ပဌမ သမုဒ္ဒသုတ်
၂၂၈။ ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် “သမုဒ္ဒရာ သမုဒ္ဒရာ”ဟု ပြောဆို၏၊ ရဟန်းတို့ ဤသို့ ပြောဆိုအပ်သော အရာသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်။ ရဟန်းတို့ ဤသို့ ပြောဆိုအပ်သော အရာသည် ကြီးကျယ်များပြားသော ရေအစုသာ ဖြစ်၏၊ ကြီးကျယ်များပြားသော ရေပြင်သာ ဖြစ်၏။
ရဟန်းတို့ မျက်စိသည် သတ္တဝါ၏ သမုဒ္ဒရာမည်၏၊ ထိုမျက်စိသမုဒ္ဒရာအား အဆင်းတည်းဟူသောအဟုန်သည် ရှိ၏။ အကြင်သူသည် ထိုအဆင်းတည်းဟူသော အဟုန်ကိုသည်းခံနိုင်၏၊ ရဟန်းတို့ ဤသူကို လှိုင်းနှင့် တကွသော ဝဲနှင့် တကွသော ဖမ်းယူတတ်သော ရေသတ္တဝါအထူးနှင့် တကွသောရေစောင့်ဘီလူး နှင့်တကွသော မျက်စိသမုဒ္ဒရာကို ကူးမြောက်ပြီးဖြစ်၍ တစ်ဖက်ကမ်းသို့ ရောက်သူကြည်းကုန်း၌ တည်သူ ရဟန္တာဟု ဆိုအပ်၏။ပ။
ရဟန်းတို့ လျှာသည် သတ္တဝါ၏ သမုဒ္ဒရာမည်၏၊ ထိုလျှာသမုဒ္ဒရာအား အရသာတည်းဟူသောအဟုန်သည် ရှိ၏။ အကြင်သူသည် ထိုအရသာတည်းဟူသော အဟုန်ကိုသည်းခံနိုင်၏၊ ရဟန်းတို့ ဤသူကို လှိုင်းနှင့် တကွသော ဝဲနှင့် တကွသော ဖမ်းယူတတ်သော ရေသတ္တဝါအထူးနှင့် တကွသောရေစောင့် ဘီလူးနှင့် တကွသော လျှာသမုဒ္ဒရာကို ကူးမြောက်ပြီး ဖြစ်၍ တစ်ဖက်ကမ်းသို့ ရောက်သူကြည်းကုန်း၌ တည်သူ ရဟန္တာဟု ဆိုအပ်၏။ပ။
ရဟန်းတို့ စိတ်သည် သတ္တဝါ၏ သမုဒ္ဒရာမည်၏၊ ထိုစိတ်သမုဒ္ဒရာအား သဘောတရားတည်းဟူသောအဟုန်သည် ရှိ၏။ အကြင်သူသည် ထိုသဘောတရားတည်းဟူသော အဟုန်ကိုသည်းခံနိုင်၏၊ ရဟန်းတို့ ဤသူကို လှိုင်းနှင့် တကွသော ဝဲနှင့် တကွသော ဖမ်းယူတတ်သော ရေသတ္တဝါအထူးနှင့် တကွသောရေစောင့်ဘီလူးနှင့် တကွသော စိတ်သမုဒ္ဒရာကို ကူးမြောက်ပြီး ဖြစ်၍ တစ်ဖက်ကမ်းသို့ ရောက်သူကည်းကုန်း၌ တည်သူ ရဟန္တာဟု ဆိုအပ်၏။ ဤစကားကို မိန့်တော်မူ၏။ပ။ လူနတ်တို့၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည်—
“အကြင်သူသည် ဖမ်းယူတတ်သော ရေသတ္တဝါအထူးနှင့် တကွသော ရေစောင့် ဘီလူးနှင့် တကွလှိုင်းနှင့် တကွ ဝဲနှင့် တကွ ဘေးဘျမ်းနှင့် တကွ ဖြစ်၍ ကူးခပ် နိုင်ခဲသော ဤသမုဒ္ဒရာကို့ကူးမြောက်ပြီ၊ ထိုသူကို ပညာရှိသူ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ၊ လောက၏ အဆုံးသို့ ရောက်ပြီးသူ၊ တစ်ဖက်ကမ်းသို့ ရောက်ပြီး သူ”ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။