သံယုတ္တနိကာယ်—၃၅
(၆) ၁—အဝိဇ္ဇာဝဂ်
၈—သဗ္ဗုပါဒါနပရိညာသုတ်
၆ဝ။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ပိုင်းခြား၍ သိခြင်းငှါ သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ပိုင်းခြား၍ သိခြင်းငှါငါဟောကြားမည့် တရားဟူသည် အဘယ်နည်း။
မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်၏။ (မျက်စိ အဆင်းစက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ခံစားမှု၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်း ခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည်စွဲလမ်းမှု ‘ဥပါဒါန်’ကို ပိုင်းခြား၍ သိအပ်ပြီး “ဟု ပိုင်းခြား၍ သိ၏။
နားကိုလည်းကောင်း၊ အသံတို့ကိုလည်းကောင်း စွဲ၍ ။ နှာခေါင်းကိုလည်းကောင်း၊ အနံ့တို့ကိုလည်းကောင်း စွဲ၍ ။ လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ။ကိုယ်ကိုလည်းကောင်း၊ အတွေ့ အထိတို့ကိုလည်းကောင်း စွဲ၍ ။ စိတ်ကိုလည်းကောင်း သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနော ဝိညာဏ် ဖြစ်ပေါ်၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့်တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည် စွဲလမ်းမှု ‘ဥပါဒါန်’ကို ပိုင်းခြား၍ သိအပ်ပြီ “ဟု ပိုင်းခြား၍ သိ၏၊
ရဟန်းတို့ ဤသည်လျှင် စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ပိုင်းခြား၍ သိခြင်းငှါ ဟောကြားအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။