သံယုတ္တနိကာယ်—၃၅

(၆) ၁—အဝိဇ္ဇာဝဂ်

၉—ပဌမ သဗ္ဗုပါဒါနပရိယာဒါနသုတ်

၆၁။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် ငါ ဟောမည့်တရားဟူသည် အဘယ်နည်း။

မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်၏။ (မျက်စိ အဆင်းစက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည် စွဲလမ်းမှု့’ဥပါဒါန်’ကို ကုန်ခန်းစေအပ်ပြီ”ဟု ပိုင်းခြား၍ သိ၏။

လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ဇိဝှါဝိညာဏ် ဖြစ်ပေါ်၏။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်၏။ (စိတ် သဘောတရားမနော ဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ဟူသောအကြောင်း ကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသောအရိယာတပည့်သည် စိတ်၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်းငြီးငွေ့၏၊ မနော သမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်း ကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် “ငါသည်စွဲလမ်းမှု’ဥပါဒါန်’ကို ကုန်ခန်းစေအပ်ပြီ “ဟု ပိုင်းခြား၍ သိ၏။

ရဟန်းတို့ ဤသည်လျှင် စွဲလမ်းမှု ‘ဥပါဒါန် ‘ အားလုံးကို ကုန်ခန်းစေရန် ငါ ဟောကြားအပ်သောတရားတည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။