သံယုတ္တနိကာယ်—၃၅

(၆) ၁—အဝိဇ္ဇာဝဂ်

၁ဝ—ဒုတိယ သဗ္ဗုပါဒါနပရိယာဒါနသုတ်

၆၂။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် သင်တို့အား တရားဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ စွဲလမ်းမှု’ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် ငါဟောကြားမည့် တရားဟူသည် အဘယ်နည်း။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲ သောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည်ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည်။ပ။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။

နားသည်။ နှာခေါင်းသည်။ လျှာသည်။ကိုယ်သည်။ စိတ်သည်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ခံစားမှုသည်ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော ဝေဒနာကို “ ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏၊ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ ဇိဝှါဝိညာဏ်၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿ၌လည်း ငြီးငွေ့၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်။ပ။ စိတ်၌လည်း ငြီးငွေ့၏၊ သဘော တရားတို့၌လည်း ငြီးငွေ့၏၊ မနောဝိညာဏ်၌လည်း ငြီးငွေ့၏၊ မနောသမ္ဖဿ၌လည်း ငြီးငွေ့၏၊ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာ၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟုအသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု ပိုင်းခြား၍ သိ၏။ ရဟန်းတို့ ဤသည်လျှင်စွဲလမ်းမှု ‘ဥပါဒါန်’ အားလုံးကို ကုန်ခန်းစေရန် ဟောအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော အဝိဇ္ဇာဝဂ် ပြီး၏။