သံယုတ္တနိကာယ်—၃၅
၁—အနိစ္စဝဂ်
၇—အဇ္ဈတ္တာနိစ္စာတီတာနာဂတသုတ်
၇။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်သော မျက်စိသည် မမြဲ၊ ပစ္စုပ္ပန်မျက်စိ၏ မမြဲမှု၌ ကားအဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည်အတိတ်ဖြစ်သော မျက်စိ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော မျက်စိကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သောမျက်စိကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ နားသည် မမြဲ။ နှာခေါင်းသည်မမြဲ။ အတိတ် အနာဂတ်ဖြစ်သော လျှာသည် မမြဲ၊ ပစ္စုပ္ပန်လျှာ၏ မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သောလျှာ၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော လျှာကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော လျှာကို ငြီးငွေ့ခြင်းငှါစွဲမက်မှု ကင်း ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ကိုယ်သည် မမြဲ။ပ။ အတိတ် အနာဂတ်ဖြစ်သောစိတ်သည် မမြဲ၊ ပစ္စုပ္ပန် စိတ်၏ မမြဲမှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသောအကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်သော စိတ်၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်သော စိတ်ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်သော စိတ်ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။