သံယုတ္တနိကာယ်—၄ဝ
၆—ဝိညာဏဉ္စာယတန ပဥှာသုတ်
၃၃၇။ “ဝိညာဏဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် ဝိညာဏဉ္စာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ရဟန်းသည်အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံးမရှိ’ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို ဝိညာဏဉ္စာယတနဈာန်ဟု ဆိုအပ်၏ “ဟု ဤအကြံသည် ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည်အဆုံးမရှိ “ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အား အာကာသာနဉ္စာယတနဈာန်နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။
ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် ဝိညာဏဉ္စာယတနဈာန်ကို မမေ့လျော့လင့်၊ ဝိညာဏဉ္စာယတနဈာန်၌ စိတ်ကိုကောင်းစွာ တည်စေလော့၊ ဝိညာဏဉ္စာယတနဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ ဝိညာဏဉ္စာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ထိုငါသည် အခါတစ်ပါး၌ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ ဝိညာဏ်သည်အဆုံးမရှိ “ဟု စီးဖြန်း လျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သော ဝိညာဏ်ရှိသည်၏အဖြစ်သို့ ရောက်သော တပည့်”ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည်ကောင်းစွာ ဆိုလိုသော် ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။
ဆဋ္ဌသုတ်။