သံယုတ္တနိကာယ်—၄ဝ

၇—အာကိဉ္စညာယတန ပဥှာသုတ်

၃၃၈။ “အာကိဉ္စညာယတနဈာန် အာကိဉ္စညာယတနဈာန်”ဟု ဆိုအပ်၏၊ အဘယ်သည် အာကိဉ္စညာယတနဈာန်နည်းဟု ဤသို့ အကြံ ဖြစ်၏၊ “ငါ့သျှင်တို့ ထိုငါ့အား ဤသာသနာတော်၌ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ‘စိုးစဉ်းမျှ မရှိ’ဟု စီးဖြန်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤသည်ကို အာကိဉ္စညာယတနဈာန်ဟု ဆိုအပ်၏”ဟု ဤအကြံသည် ဖြစ်၏။ ငါ့သျှင်တို့ထိုငါသည် ဝိညာ ဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်းမျှ မရှိ “ဟု စီးဖြန်းလျက်အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ ဤနေခြင်းဖြင့် နေသော ထိုငါ့အားဝိညာဏဉ္စာယတနဈာန်နှင့် တကွသော အမှတ် ‘သညာ’ နှလုံးသွင်း ‘မနသိကာရ’ တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ ငါ့ကို မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏဖြစ်သောမောဂ္ဂလာန် မောဂ္ဂလာန် အာကိဉ္စညာယတနဈာန်ကို မမေ့လျော့လင့်၊ အာကိဉ္စညာယတနဈာန်၌ စိတ်ကိုကောင်းစွာ တည်စေလော့၊ အာကိဉ္စညာယတနဈာန်၌ စိတ်ကို တည်ကြည်အောင် ပြုလော့၊ အာကိဉ္စညာယတနဈာန်၌ စိတ်ကို ကောင်းစွာ ထားလော့” ဟူသော ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင်တို့ထိုငါသည် အခါတစ်ပါး၌ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်းမျှ မရှိ”ဟု စီးဖြန်းလျက်အာကိဉ္စညာ ယတနဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့။ပ။ ထူးမြတ်သော အသိဉာဏ်ရှိသည်၏အဖြစ်သို့ရောက်သော တပည့်” ဟူသော စကားကို ကောင်းစွာ ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုသော်ငါ့ကိုသာလျှင် ဆိုရာ၏ဟု (မိန့်ဆို၏)။

သတ္တမသုတ်။