သံယုတ္တနိကာယ်—၄၃

၁—ပဌမဝဂ်

၂—သမထဝိပဿနာသုတ်

၃၆၇။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’တရားကိုလည်းကောင်း၊ မပြုပြင်အပ်သော ‘အသင်္ခတ’တရားသို့ ရောက်ကြောင်းလမ်းကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ရာဂကုန်ရာဒေါသကုန်ရာ မောဟကုန်ရာ (နိဗ္ဗာန်) ပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားဟုဆိုရ၏။ ရဟန်းတို့ မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟူသည် အဘယ်နည်း၊ သမထနှင့် ဝိပဿနာပင်တည်း။ ဤသည်ကို မပြုပြင်အပ်သော ‘အသင်္ခတ’ တရားသို့ ရောက်ကြောင်းလမ်းဟု ဆိုရ၏။ပ။

ဒုတိယသုတ်။