သံယုတ္တနိကာယ်—၄၄

၂—အနုရာဓသုတ်

၄၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အနုရာဓသည် မြတ်စွာဘုရားနှင့် မနီးမဝေးဖြစ်သောတောကျောင်းငယ်၌ နေ၏၊ ထိုအခါ အယူတစ်မျိုးရှိသူ ပရိဗိုဇ်များစွာတို့သည် အသျှင်အနုရာဓထံသို့ချဉ်းကပ်ပြီးလျှင် အသျှင်အနုရာဓနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေကာ ဤစကားကို ဆိုကုန်၏— “ငါ့သျှင်အနုရာဓ မြတ်သော ယောကျာ်းဖြစ်သောအလွန်မြတ်သော ယောကျာ်းဖြစ်သော အမြတ်ဆုံးသို့ ရောက်သော ထို မြတ်စွာဘုရားသည်ပညတ်လိုသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှနောက်၌ မဖြစ် ‘ ဟူ၍လည်း ကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ် ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် ‘ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ် သလော “ဟု မေး၏။

ငါ့သျှင်တို့ ထိုမြတ်သော ယောကျာ်းဖြစ်သော အလွန်မြတ်သော ယောကျာ်းဖြစ်သော အမြတ်ဆုံးသို့ရောက်သော ထိုမြတ်စွာဘုရားသည် ပညတ်လိုသော် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍ ့လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်” ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤလေးဌာနတို့ကိုဖယ်ထား၍ ပညတ်အပ်၏။ ဤသို့ ဆိုသော် ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် အသျှင်အနုရာဓအား” ဤရဟန်းသည် ရဟန်းပြု၍ မကြာသေးသော သီတင်းငယ် ဖြစ်ပေလိမ့်မည်၊ မထေရ်ဖြစ်လျှင်လည်းမလိမ္မာသူ မကျွမ်းကျင်သူ ဖြစ်လိမ့်မည် “ဟူသော ဤစကားကို ဆိုကုန်၏။ ထို့နောက်ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ် တို့သည် အသျှင်အနုရာဓကို သီတင်းငယ်ဟူသော စကားဖြင့်လည်းကောင်း၊ မလိမ္မာသူဟူသော စကားဖြင့်လည်းကောင်း မောင်းမဲ၍ နေရာမှ ထကာ ဖဲသွားကြကုန်၏။

ထို့နောက် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ ဖဲသွား၍ မကြာမီ အသျှင်အနုရာဓအား ဤအကြံသည် ဖြစ်၏—“ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤထက်အလွန် မေးကြပါမူ ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ် တို့ကို ငါအဘယ်သို့ ဖြေပါက မြတ်စွာဘုရား၏ စကားတော်အတိုင်း ဆိုသူလည်း ဖြစ်ပါအံ့နည်း၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါအံ့နည်း၊ တရားတော်အား လျော်သောတရားကိုလည်း ဖြေဆိုရာ ရောက်ပါအံ့နည်း၊ မြတ်စွာဘုရား၏ စကားသို့ အတုလိုက်၍ ပြောခြင်းသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါအံ့နည်း”ဟု အကြံ ဖြစ်၏။

ထို့နောက် အသျှင်အနုရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား ယခု အကျွန်ုပ်သည် မြတ်စွာဘုရားနှင့် မနီးမဝေးသော တောကျောင်းငယ်၌ နေပါ၏၊ အသျှင်ဘုရား ထိုအခါ အယူတစ်မျိုးရှိသူ ပရိဗိုဇ်များစွာတို့သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင်အကျွန်ုပ်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်ငါ့သျှင် အနုရာဓ “မြတ်သော ယောကျာ်းဖြစ်သော အလွန်မြတ်သော ယောကျာ်းဖြစ်သော အမြတ်ဆုံးသို့ရောက် သော ထိုမြတ်စွာဘုရားသည် ပညတ်လိုသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ဟူ၍လည်း ကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် ‘ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ‘ ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ်သလော”ဟူ သော ဤစကားကို ပြောကြပါသည်။ အသျှင်ဘုရား ဤသို့ပြောလျှင် အကျွန်ုပ်သည် ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့အား “ငါ့သျှင်တို့ မြတ်သော ယောကျာ်းဖြစ်သောအလွန်မြတ်သော ယောကျာ်းဖြစ်သော အမြတ် ဆုံးသို့ ရောက်သော ထိုမြတ်စွာဘုရားသည်ပညတ်လိုသော် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်မဖြစ်လည်း မဖြစ်’ဟူ၍လည်းကောင်း၊ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်’ဟူ၍လည်းကောင်း ဤလေးဌာနတို့၌ ပညတ်၏ “ဟူ သော ဤစကားကိုပြောပါသည်၊ အသျှင်ဘုရား ဤသို့ ဆိုသော် ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် အကျွန်ုပ်ကို” ဤရဟန်းသည် ရဟန်းပြု၍ မကြာသေးသော သီတင်းငယ် ဖြစ်လိမ့်မည်၊ မထေရ်ဖြစ်လျှင်လည်းမလိမ္မာသူ မကျွမ်းကျင်သူ ဖြစ်လိမ့်မည်”ဟူသော ဤစကားကို ပြောကြပါသည်၊ အသျှင်ဘုရား ထို့နောက်ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် အကျွန်ုပ်ကို သီတင်းငယ်ဟူသော စကားဖြင့်လည်းကောင်း၊ မလိမ္မာသူ ဟူသော စကားဖြင့်လည်းကောင်း မောင်းမဲ၍ နေရာမှ ထကာ ပြန်ကြပါကုန်၏။

ထို့နောက် အယူတစ်မျိုးရှိသူ ပရိဗိုဇ်များ ဖဲသွား၍ မကြာမီ အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏—“ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤထက်အလွန် မေးကြပါမူ ထိုအယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကို ငါအဘယ်သို့ ဖြေပါက မြတ်စွာဘုရား၏ စကားတော်အတိုင်း ဆိုသူလည်း ဖြစ်ပါအံ့နည်း၊ မြတ်စွာဘုရားကို့မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါအံ့နည်း၊ တရားတော်အား လျော်သောတရားကိုလည်း ဖြေဆိုရာ ရောက်ပါအံ့နည်း၊ မြတ်စွာဘုရား၏ စကားသို့ အတုလိုက်၍ ပြောခြင်းသည်အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါအံ့နည်း”ဟုအကြံဖြစ်ပါသည် ဟူသော ဤစကားကို လျှောက်၏။

အနုရာဓ ဤအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ၏ ဥစ္စာတည်း၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ဝေဒနာသည် မြဲသလော၊ မမြဲသလော။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏသည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါအသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝိညာဏ်ကို “ ဤဝိညာဏ်သည်ငါ၏ ဥစ္စာ တည်း၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါသင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အနုရာဓ ထိုသို့ဖြစ်သောကြောင့်အတိတ်အနာဂတ်ပစ္စုပ္ပန်လည်းဖြစ် သော ကိုယ်တွင်း ကိုယ်ပလည်းဖြစ်သော အကြမ်းအနုလည်းဖြစ်သောအယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ၏ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်းမှန်ကန်သော ပညာဖြင့် ရှုရမည်။ အတိတ် အနာဂတ်ပစ္စုပ္ပန်လည်းဖြစ်သောကိုယ်တွင်းကိုယ်ပလည်းဖြစ်သော အကြမ်းအနုလည်း ဖြစ်သော အယုတ်အမြတ်လည်းဖြစ်သောအဝေးအနီးလည်းဖြစ်သော ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံး တို့ကို။ ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ၏ ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ပညာဖြင့် ရှုရမည်။ အနုရာဓ အကြားအမြင်ရှိသော အရိယာ တပည့်သည် ဤသို့ ရှုသော် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် တပ်မက်မှု ကင်း၏၊ တပ်မက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ် မြောက်သော် “ (ကိလေသာမှ) လွတ်မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့် မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ဖန်ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။

အနုရာဓ ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်ကို သတ္တဝါဟု ရှုသလော၊ မရှုပါအသျှင်ဘုရား။ ဝေဒနာကို သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ သညာကို သတ္တဝါဟုရှုသလော၊ မရှုပါ အသျှင်ဘုရား။ သင်္ခါရတို့ကို သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ ဝိညာဏ်ကိုသတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ အနုရာဓ ထိုအရာကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်၌ သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ ရုပ်ကို ဖယ်ထား၍ သတ္တဝါဟု ရှုသလော၊ မရှုပါအသျှင်ဘုရား။ ဝေဒနာ၌ ။ပ။ ဝေဒနာကို ဖယ်ထား၍ ။ပ။ သညာ၌ ။ပ။ သညာကို ဖယ်ထား၍ ။ပ။ သင်္ခါရတို့၌ ။ပ။ သင်္ခါရ တို့ကို ဖယ်ထား၍ ။ပ။ ဝိညာဏ်၌ သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ ဝိညာဏ်ကို ဖယ်ထား၍ သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။

အနုရာဓ ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်ကို ဝေဒနာကို သညာကို သင်္ခါရတို့ကိုဝိညာဏ်ကို သတ္တဝါဟု ရှုသလော၊ မရှုပါ အသျှင်ဘုရား။ အနုရာဓ ထိုအရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ ဤသတ္တဝါသည် ရုပ်မရှိ ဝေဒနာမရှိ သညာမရှိ သင်္ခါရတို့မရှိ ဝိညာဏ်မရှိဟု ရှုသလော၊ ့မရှုပါ အသျှင်ဘုရား။ အနုရာဓ ဤမျက်မှောက်ဘဝ၌ ပင်လျှင် သင်သည် အမှန်အားဖြင့်အခိုင်အမာအားဖြင့် သတ္တဝါဟု မရအပ်ပါဘဲလျက် “ငါ့သျှင်တို့ မြတ်သော ယောကျာ်း ဖြစ်သောအလွန်မြတ်သော ယောကျာ်း ဖြစ်သော အမြတ်ဆုံးသို့ ရောက်သော ထိုမြတ်စွာဘုရားသည်ပညတ်လိုသော် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ဟူ၍လည်းကောင်း။ပ။ သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း ဤလေးဌာနတို့ကို ဖယ်ထား၍ ပညတ်၏ “ဟု ထိုဖြေဆိုမှုသည် သင့်လျော်ပါမည်လော။ မသင့်လျော်ပါဘုရား။ အနုရာဓ ကောင်းပေစွ၊ ကောင်းပေစွ၊ အနုရာဓ ရှေးအခါဖြစ် စေ၊ ယခုအခါဖြစ်စေဒုက္ခနှင့် ဒုက္ခ၏ ချုပ်ခြင်းကိုသာ ငါ ပညတ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။