သံယုတ္တနိကာယ်—၄၄
၃—ပဌမ သာရိပုတ္တ ကောဋ္ဌိကသုတ်
၄၁၂။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား—ငါ့သျှင်သာရိပုတြာ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလောဟု ဆို၏၊ ငါ့သျှင်”သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင်”သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော၊ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤ စကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော၊ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ ငါ့သျှင်သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော၊ ငါ့သျှင်”သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။
“ငါ့သျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ဤသို့ မေးလျှင် “ငါ့သျှင် ‘သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏ ‘ ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ”ဟု ဆို၏။ပ။ “ငါ့သျှင်သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”ဟု ဤသို့ မေးလျှင် “ငါ့သျှင် ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်’ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ”ဟု ဆို၏။ ငါ့သျှင် ဤစကားကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။
ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားသည် ရုပ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည် ရုပ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် ရုပ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည်ရုပ်မျှသာတည်း။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားသည် ဝေဒနာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ဟူသော ဤစကားသည် ဝေဒနာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် ဝေဒနာမျှသာတည်း။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ့သော ဤစကားသည် ဝေဒနာမျှသာတည်း။ ငါ့သျှင် “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော ဤစကားသည် သညာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည်သညာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် သညာမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည် သညာမျှသာတည်း။ ငါ့သျှင် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ “ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည် သင်္ခါရမျှသာတည်း။ ငါ့သျှင်”သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားသည် ဝိညာဏ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားသည် ဝိညာဏ်မျှသာတည်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားသည် ဝိညာဏ်မျှသာတည်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားသည် ဝိညာဏ်မျှသာ တည်း။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။