သံယုတ္တနိကာယ်—၄၅

၂—ဝိဟာရဝဂ်

၁—ပဌမ ဝိဟာရသုတ်

၁၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါသည် (တစ်ဆယ့်ငါးရက်) လဝက်ပတ်လုံး တစ်ပါးတည်း ကိန်းအောင်းနေထိုင်လို၏၊ ဆွမ်းပို့မည့် ရဟန်းတစ်ဦးမှ တစ်ပါး မည်သူမျှ ငါ့ထံသို့ မချဉ်းကပ်ရဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်ပြီးလျှင် ဆွမ်းပို့သော ရဟန်းတစ်ဦးမှ တစ်ပါး မည်သူမျှ မြတ်စွာဘုရားထံသို့ မချဉ်းကပ်ကုန်။

ထို့နောက် မြတ်စွာဘုရားသည် ထိုလဝက်လွန်သဖြင့် တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူခဲ့၍ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ ငါဘုရားသည် ဘုရားဖြစ်ခါစ နေခြင်းမျိုး၏ တစ်စိတ်တစ်ဒေသဖြင့် (ယခုလဝက်အတွင်း၌) နေခဲ့၏၊ ထိုငါသည် ဤသို့ သိ၏ — ‘မှားယွင်းသောအမြင် ‘မိစ္ဆာဒိဋ္ဌိ’ ကြောင့်လည်း ခံစားရ၏၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကြောင့်လည်း ခံစားရ၏။ပ။ မှားယွင်းသောတည်ကြည်မှု ‘မိစ္ဆာသမာဓိ’ကြောင့်လည်း ခံစားရ၏၊ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ ကြောင့်လည်း ခံစားရ၏၊ အလို ‘ဆန္ဒ’ ကြောင့်လည်း ခံစားရ၏၊ ကြံစည်မှု ‘ဝိတက်’ ကြောင့်လည်း ခံစားရ၏၊ မှတ်သားမှု ‘သညာ’ ကြောင့်လည်း ခံစားရ၏။ အလို ‘ဆန္ဒ’လည်း မငြိမ်း၊ ကြံစည်မှု ‘ဝိတက်’ လည်း မငြိမ်း၊ မှတ်သားမှု ‘သညာ’ လည်းမငြိမ်းသောကြောင့်လည်း ခံစားရ၏။ အလို ‘ဆန္ဒ’လည်းငြိမ်း၊ ကြံစည်မှု ‘ဝိတက်’လည်းငြိမ်း၊ မှတ်သားမှု ‘သညာ’ လည်း ငြိမ်းခြင်းကြောင့်လည်း ခံစားရ၏။ မရောက်ရသေးသောအရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ အားထုတ်မှုသည် ရှိ၏၊ ထိုအရဟတ္တဖိုလ်ကို ရခြင်း၏ အကြောင်းသည် အစဉ်ရောက်လာသည်ရှိသော် ထိုအကြောင်းကြောင့်လည်း ခံစားရ၏’ဟု ဤသို့ သိ၏”ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။