သံယုတ္တနိကာယ်—၄၅

၆—ဗလကရဏီယဝဂ်

၂—ဗီဇသုတ်

၁၅ဝ။ ရဟန်းတို့ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်သော မျိုးစေ့ ဗီဇဂါမ်၁နှင့် အပင်ဘူတဂါမ်၂ ဟူသမျှတို့သည် မြေကြီးကို မှီ၍ မြေကြီး၌ တည်၍ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ရောက် ကုန်သကဲ့သို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော်တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောမှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၁။ အစေ့၊ အညွန့်၊ အပင်၊ အမြစ်၊ အဆစ်ဟူသော ဤမျိုးစေ့ ငါးမျိုးကို ဗီဇဂါမ်ဟု ယူအပ်၏။

၂။ ၄င်းမျိုးစေ့တို့မှ ပေါက်လာ၍ စိမ်းညိုသောအရွက် အညွန့် ထွက်လာသောအခါမှ စ၍ အပင်ဟူသမျှကို ဘူတဂါမ်ဟု ယူအပ်၏။