သံယုတ္တနိကာယ်—၄၅

၆—ဗလကရဏီယဝဂ်

၃—နာဂသုတ်

၁၅၁။ ရဟန်းတို့ ဥပမာသော်ကား နဂါးတို့သည် ဟိမဝန္တာတောင်မင်းကို မှီ၍ ကိုယ်ကို တိုးပွားစေအားယူစေ၍ အိုင်ငယ်တို့သို့ သက်ဆင်းကုန်၏၊ အိုင်ငယ်တို့သို့ သက်ဆင်းပြီး၍ အိုင်ကြီးတို့သို့ သက်ဆင်းကုန်၏၊ အိုင်ကြီးတို့သို့ သက်ဆင်းပြီး၍ မြစ်ငယ်တို့သို့ သက်ဆင်းကုန်၏၊ မြစ်ငယ်တို့သို့ သက်ဆင်းပြီး၍ မြစ်ကြီးတို့သို့ သက်ဆင်းကုန်၏၊ မြစ်ကြီးတို့သို့ သက်ဆင်းပြီး၍ မဟာသမုဒ္ဒရာသို့ သက်ဆင်းကုန်၏။ ထိုနဂါးတို့သည် ထိုမဟာသမုဒ္ဒရာ၌ ခန္ဓာကိုယ်ဖြင့် ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ရောက် ကုန်၏၊ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွား များသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်၏။

ရဟန်းတို့ ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော်တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောသည်၏ အဖြစ်သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။