သံယုတ္တနိကာယ်—၄၅
၆—ဗလကရဏီယဝဂ်
၄—ရုက္ခသုတ်
၁၅၂။ ရဟန်းတို့ ဥပမာသော်ကား အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသော သစ်ပင်သည် အမြစ်ပြတ်သည် ရှိသော် အဘယ်အရပ်သို့ လဲကျရာသနည်း။ အသျှင်ဘုရား ညွတ်ကိုင်း ရှိုင်းရာအရပ်သို့သာလဲကျရာပါ၏။ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။
ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်သီလကို မှီ၍ သီလ၌ တည်၍ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးပွား စည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။