သံယုတ္တနိကာယ်—၄၅
၆—ဗလကရဏီယဝဂ်
၅—ကုမ္ဘသုတ်
၁၅၃။ ရဟန်းတို့ ဥပမာသော်ကား ရေအိုးကို မှောက်သည်ရှိသော် ရေသည် အန်ထွက်သည်သာ တည်း၊ ပြန်၍ ဝင်တော့မည် မဟုတ်၊ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ် ကိုပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ယုတ်ညံ့ သောအကုသိုလ်တရားတို့သည် အန်ထွက်ကုန်၏၊ ပြန်၍ ဝင်တော့မည် မဟုတ်ကုန်။
ရဟန်းတို့ ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ယုတ်ညံ့သောအကုသိုလ်တရားတို့ အန်ထွက်ကုန်သနည်း၊ ပြန်၍ မဝင်ကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’့ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ယုတ်ညံ့သောအကုသိုလ်တရားတို့ အန်ထွက်ကုန်သည်သာတည်း၊ ပြန်၍ ဝင်တော့မည် မဟုတ်ကုန်ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။