သံယုတ္တနိကာယ်—၄၅

၆—ဗလကရဏီယဝဂ်

၆—သူကသုတ်

၁၅၄။ ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ (ထောင်၍) ထားအပ်သော သလေးစပါးမြီးကို ဖြစ်စေ၊ မုယောစပါးမြီးကိုဖြစ်စေ လက်ဖြင့်သော်လည်းကောင်း၊ ခြေဖြင့်သော်လည်းကောင်း ဖိမိနင်းမိသော်လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးရှဖျက်ဆီးပေလိမ့်မည်၊ သွေးကိုသော်လည်းကောင်း ထွက်စေလိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့စပါးမြီးကို ကောင်းစွာ (ထောင်၍) ထားအပ်သောကြောင့်တည်း။ ရဟန်းတို့ ထို့အတူပင် ရဟန်းသည်ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ ကို ဧကန်ဖျက်ဆီးနိုင်လိမ့်မည်၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ဖြစ်စေနိုင်လိမ့်မည်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြု နိုင်လိမ့်မည်ဟူသောအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ (ကမ္မဿကတာပညာနှင့် မဂ္ဂဘာဝနာကို) ကောင်းစွာ ထားအပ် ကောင်းစွာဖြစ်စေအပ်သောကြောင့်တည်း။

ရဟန်းတို့ ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ ကို အဘယ်သို့လျှင် ဖျက်ဆီးနိုင်သနည်း၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ကိုအဘယ်သို့လျှင် ဖြစ်စေနိုင်သနည်း၊ နိဗ္ဗာန်ကို အဘယ်သို့လျှင် မျက်မှောက်ပြုနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းစွာ ထားအပ်သော (ကမ္မဿကတာပညာ) ကောင်းစွာ ဖြစ်စေအပ်သော မဂ္ဂဘာဝနာဖြင့် မသိမှု ‘အဝိဇ္ဇာ’ကို ဖျက်ဆီးနိုင်ပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ဖြစ်စေနိုင်ပေ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။