သံယုတ္တနိကာယ်—၄၆

၃— ဥဒါယိဝဂ်

၁—ဗောဓာယသုတ်

၂ဝ၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ထိုင်နေပြီးသော် မြတ်စွာဘုရားအား—အသျှင်ဘုရား “ဗောဇ္ဈင် ဗောဇ္ဈင်”ဟု ဆိုအပ်ကုန်၏၊ အဘယ်ကြောင့် “ဗောဇ္ဈင်”ဟု ဆိုအပ်ပါကုန်သနည်းဟု လျှောက်၏။ ရဟန်း နိဗ္ဗာန်ကို သိခြင်းအကျိုးငှါဖြစ်သောကြောင့် “ဗောဇ္ဈင်”ဟု ဆိုအပ်ကုန်၏။

ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသောနိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်း နိဗ္ဗာန်ကို သိခြင်းအကျိုးငှါ ဖြစ်သောကြောင့် “ဗောဇ္ဈင်”ဟု ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။