သံယုတ္တနိကာယ်—၄၆

၁—ပဗ္ဗတဝဂ်

၈—ဥပဝါနသုတ်

၁၈၉။ အခါတစ်ပါး၌ အသျှင်ဥပဝါနနှင့် အသျှင်သာရိပုတြာတို့သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်ဥပဝါနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဥပဝါနနှင့် အတူ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြောဆိုပြီးသော် တစ်ခုသော နေရာ၌ ထိုင်နေလျက် ဥပဝါနအား “ငါ့သျှင်ဥပဝါန ရဟန်းသည်သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ဤသို့ ကောင်းစွာ အားထုတ်ပြီးကုန်သောဗောဇ္ဈင်ခုနစ်ပါး တို့သည် ငါ့အား ချမ်းသာစွာ နေခြင်းငှါ ဖြစ်ကုန်၏ဟု ကိုယ်တိုင်ပင်သိနိုင်ရာသလော”ဟု ဤစကားကို ဆို၏။ ငါ့သျှင်သာရိပုတြာ ရဟန်းသည် သင့်လျော်သောအားဖြင့်နှလုံးသွင်းခြင်းကြောင့် ဤသို့ ကောင်းစွာ အားထုတ်ပြီးကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ငါ့အားချမ်းသာစွာ နေခြင်းငှါ ဖြစ်ကုန်၏ဟု ကိုယ်တိုင်ပင် သိနိုင်ရာ၏။

ငါ့သျှင် ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို အားထုတ်သည်ရှိသော် “ငါ၏ စိတ်သည်လည်း (ကိလေသာ မှ) ကောင်းစွာ လွတ်မြောက်၏၊ ငါသည် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကိုလည်းကောင်းစွာ နုတ်ပယ်အပ်ပြီ၊ ငါသည် စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ကိုလည်းကောင်းစွာ ပယ်ဖျောက်ပြီးပြီ၊ ငါသည် လုံ့လကိုလည်း မြဲမြံစွာ အားထုတ်ပြီးပြီ၊ ငါသည် အလိုရှိသည်ကို ပြု၍ နှလုံးသွင်း၏၊ တွန့်ဆုတ်ခြင်းလည်း မဖြစ်”ဟု သိ၏။ပ။ ငါ့သျှင် ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်သည်ရှိသော်”ငါ၏ စိတ်သည်လည်း (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်၏၊ ငါသည် လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’့ကိုလည်းကောင်းစွာ နုတ်ပယ်အပ်ပြီ၊ ငါသည် စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’၊ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ကိုလည်းကောင်းစွာ ပယ်ဖျောက်ပြီးပြီ၊ ငါသည် လုံ့လကိုလည်း မြဲမြံစွာ အားထုတ်ပြီးပြီ၊ ငါသည်အလိုရှိ သည်ကို ပြု၍ နှလုံးသွင်း၏၊ တွန့်ဆုတ်ခြင်းလည်း မဖြစ်”ဟု သိ၏။

“ငါ့သျှင် သာရိပုတြာ ဤသို့လျှင် ရဟန်းသည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် ဤသို့ကောင်းစွာ အားထုတ်အပ်ကုန်သော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ငါ့အား ချမ်းသာစွာ နေခြင်းငှါ ဖြစ်ကုန်၏ဟု ကိုယ်တိုင်ပင် သိနိုင်ရာ၏”ဟု (ဖြေဆိုလေ၏)။

အဋ္ဌမသုတ်။