သံယုတ္တနိကာယ်—၄၈
၄—သုခိန္ဒြိယဝဂ်
၉—ကဋ္ဌောပမသုတ်
၅ဝ၉။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။
ရဟန်းတို့ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ သုခိန္ဒြေ ဖြစ်၏၊ ထိုသူသည်ချမ်းသာသည်ရှိသော် “ငါ ချမ်းသာ၏”ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော သုခဝေဒနာ၏ အကြောင်းဖြစ်သည့်တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော သုခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
ရဟန်းတို့ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဒုက္ခိန္ဒြေ ဖြစ်၏၊ ထိုသူ သည်ဆင်းရဲသည်ရှိသော် “ငါ ဆင်းရဲ၏”ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သည့်တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော ဒုက္ခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
ရဟန်းတို့ သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ သောမနဿိန္ဒြေဖြစ်၏၊ ထိုသူသည် ဝမ်းမြောက်သည်ရှိသော် “ငါ ဝမ်းမြောက်၏”ဟု သိ၏၊ သောမနဿဝေဒနာ၏အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သောသောမနဿဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော သောမနဿိန္ဒြေသည်ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
ရဟန်းတို့ ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဒေါမနဿိန္ဒြေ ဖြစ် ၏၊ ထိုသူသည် နှလုံးမသာသည်ရှိသော် “ငါ နှလုံးမသာဖြစ်၏”ဟု သိ၏၊ ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော ဒေါမနဿိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
ရဟန်းတို့ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဥပေက္ခိန္ဒြေ ဖြစ်၏၊ ထိုသူသည် လျစ်လျူရှုသည်ရှိသော် “ငါ လျစ်လျူရှု၏”ဟု သိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သောထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဥပေက္ခာဝေဒနာ၏အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော ဥပေက္ခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။
ရဟန်းတို့ သစ်သားနှစ်ခုတို့၏ ထိခိုက်ပေါင်းဆုံခြင်းကြောင့် အပူငွေ့ ဖြစ်၏၊ မီးဖြစ်ပေါ်လာ၏၊ ထိုသစ်သားနှစ်ခုတို့ကိုပင် တခြားစီ ခွဲ၍ ထားခြင်းကြောင့် ထိုသစ်သားနှစ်ခုတို့ ပွတ်ခြင်းကြောင့် ဖြစ်ပေါ်လာသောအပူငွေ့သည် ချုပ်ငြိမ်းသကဲ့သို့ ထို့အတူပင် ရဟန်းတို့ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ သုခိန္ဒြေ ဖြစ်၏၊ ထိုသူသည် ချမ်းသာသည်ရှိသော် “ငါ ချမ်းသာ၏”ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ထိုအကြောင်းအားလျော်စွာခံစားအပ် သော သုခဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဖြစ်သော သုခိန္ဒြေသည်ချုပ်၏၊ ငြိမ်း၏ဟု သိ၏။ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍။ပ။
သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍။ပ။ ဒေါမနဿဝေဒနာ၏အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကို စွဲ၍။ပ။ ရဟန်းတို့ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု ‘ဖဿ’ ကို စွဲ၍ ဥပေက္ခိန္ဒြေ ဖြစ်၏၊ ထိုသူသည် လျစ်လျူရှုသည်ရှိသော် “ငါ လျစ်လျူရှု၏”ဟုသိ၏၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ် သော ထိုတွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့်ထိုအကြောင်းအားလျော်စွာ ခံစားအပ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သည့် တွေ့ထိမှု ‘ဖဿ’ ကိုစွဲ၍ ဖြစ်သော ဥပေက္ခိန္ဒြေသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။