သံယုတ္တနိကာယ်—၄၈

၄—သုခိန္ဒြိယဝဂ်

၁ဝ—ဥပ္ပဋိပါဋိကသုတ်

၅၁ဝ။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့တည်း။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား ဒုက္ခိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤဒုက္ခိန္ဒြေသည်ဖြစ်ခဲ့ပြီ၊ ထိုဒုက္ခိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’နှင့်တကွ ဖြစ်၏၊ အကြောင်းခံနှင့်တကွဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုဒုက္ခိန္ဒြေသည် အကြောင်း ‘နိမိတ်’မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှု မရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟု ဤသို့ သိ၏။ ထိုရဟန်းသည် ဒုက္ခိန္ဒြေကိုလည်း သိ၏၊ ဒုက္ခိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဒုက္ခိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော ဒုက္ခိန္ဒြေ၏အကြွင်းမဲ့ချုပ်ရာ တရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့် ဒုက္ခိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ချုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏၊ ဖြစ်ပေါ်လာသော ဒုက္ခိန္ဒြေသည် ဤပဌမဈာန်၌ အကြွင်းမဲ့ ချုပ်၏။ ရဟန်းတို့ ဤရဟန်းကိုဒုက္ခိန္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုဒုက္ခိန္ဒြေ၏ ချုပ်ရာ (ပဌမဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟုဆိုအပ်၏။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား ဒေါမနဿိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤဒေါမနဿိန္ဒြေသည် ဖြစ်ခဲ့ပြီ၊ ထိုဒေါမနဿိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွ ဖြစ်၏၊ အကြောင်းခံနှင့် တကွဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုဒေါမနဿိန္ဒြေသည် အကြောင်း ‘နိမိတ်’ မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှု မရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟု ဤသို့ သိ၏။ ထိုရဟန်းသည်ဒေါမနဿိန္ဒြေကိုလည်း သိ၏၊ ဒေါမနဿိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဒေါမနဿိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော ဒေါမနဿိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ တရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့်ဒေါမနဿိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ ချုပ် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့် မိမိကိုယ်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ပွားစေတတ်သော ကြံစည်မှု ‘ဝိတက်’သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ဖြစ်ပေါ်လာသော ဒေါမနဿိန္ဒြေသည်ဤဒုတိယဈာန်၌ အကြွင်းမဲ့ ချုပ်၏။ ရဟန်းတို့ ဤရဟန်းကို ဒေါမနဿိန္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုဒေါမနဿိန္ဒြေ၏ ချုပ်ရာ (ဒုတိယဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု ဆိုအပ်၏။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား သုခိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤသုခိန္ဒြေသည်ဖြစ်ခဲ့ပြီ၊ ထိုသုခိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွ ဖြစ်၏၊ အကြောင်းခံနှင့်တကွဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုသုခိန္ဒြေသည် အကြောင်း ‘နိမိတ်’မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှု မရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟု ဤသို့ သိ၏။ ထိုရဟန်းသည် သုခိန္ဒြေကိုလည်း သိ၏၊ သုခိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ သုခိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော သုခိန္ဒြေ၏အကြွင်းမဲ့ချုပ်ရာ တရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့် သုခိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ချုပ် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်းမတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက်သာလျှင် နေ၏၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ချမ်းသာမှု ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ရဟန်းသည်ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ဖြစ်ပေါ်လာ သော သုခိန္ဒြေသည် ဤတတိယဈာန်၌ အကြွင်းမဲ့ချုပ်၏၊ ရဟန်းတို့ ဤရဟန်းကို သုခိန္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုသုခိန္ဒြေ၏ချုပ်ရာ (တတိယဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု ဆိုအပ်၏။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား သောမနဿိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤသောမနဿိန္ဒြေသည် ဖြစ်ခဲ့ပြီ၊ ထိုသောမနဿိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွဖြစ်၏၊ အကြောင်းခံနှင့်တကွ ဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုသောမနဿိန္ဒြေသည် အကြောင်း ‘နိမိတ်’ မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှုမရှိလတ်သော် အထောက်အပံ့ မရှိလတ်သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟုဤသို့ သိ၏၊ ထို ရဟန်းသည် သောမနဿိန္ဒြေကိုလည်း သိ၏၊ သောမနဿိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်းသိ၏၊ သောမနဿိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီးသော သောမနဿိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာတရားကိုလည်း သိ၏။ ဖြစ်ပေါ်လာသည့် သောမနဿိန္ဒြေသည် အဘယ်တရား၌ အကြွင်းမဲ့ ချုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ရောက်၍ နေ၏၊ ဖြစ်ပေါ်လာ သော သောမနဿိန္ဒြေသည် ဤစတုတ္ထဈာန်၌ အကြွင်းမဲ့ ချုပ်၏။ ရဟန်းတို့ ဤရဟန်းကို သောမနဿိ န္ဒြေ၏ ချုပ်ရာကို သိပြီးသူ၊ ထိုသောမနဿိန္ဒြေ၏ချုပ်ရာ (စတုတ္ထဈာန်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု ဆိုအပ်၏။

ရဟန်းတို့ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သောစိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား ဥပေက္ခိန္ဒြေသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အားဤဥပေက္ခိန္ဒြေ သည် ဖြစ်ခဲ့ပြီ၊ ထိုဥပေက္ခိန္ဒြေသည်လည်း စင်စစ်အားဖြင့် အကြောင်း ‘နိမိတ်’ နှင့်တကွဖြစ်၏၊ အကြောင်းခံ နှင့်တကွ ဖြစ်၏၊ ပြုပြင်မှုနှင့်တကွ ဖြစ်၏၊ အထောက်အပံ့နှင့်တကွ ဖြစ်၏၊ ထိုဥပေက္ခိန္ဒြေသည် အကြောင်း ‘နိမိတ်’ မရှိလတ်သော် အကြောင်းခံ မရှိလတ်သော် ပြုပြင်မှုမရှိလတ်သော် အထောက်အပံ့ မရှိလတ် သော် ဖြစ်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟုဤသို့ သိ၏။ ထိုရဟန်းသည် ဥပေက္ခိန္ဒြေကို လည်း သိ၏၊ ဥပေက္ခိန္ဒြေ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဥပေက္ခိန္ဒြေ၏ ချုပ်ရာကိုလည်း သိ၏၊ ဖြစ်ပြီး သော ဥပေက္ခိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ တရားကိုလည်းသိ၏။ ဖြစ်ပေါ်လာသည့် ဥပေက္ခိန္ဒြေသည် အဘယ် တရား၌ အကြွင်းမဲ့ ချုပ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် အလုံးစုံသော နေဝသညာ နာသညာယတနဈာန်ကို ကောင်းစွာလွန်မြောက်လျက် သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏၊ ဖြစ်ပေါ်လာသောဥပေက္ခိန္ဒြေသည် ဤနိရောဓသမာပတ်၌ အကြွင်းမဲ့ ချုပ်၏၊ ရဟန်းတို့ ဤရဟန်းကို ဥပေက္ခိန္ဒြေ၏ချုပ်ရာကို သိပြီးသူ၊ ထိုဥပေက္ခိန္ဒြေ၏ ချုပ်ရာ (နိရောဓသမာပတ်) အကျိုးငှါ စိတ်ကို ကပ်၍ ဆောင်သူဟု့ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် သုခိန္ဒြိယဝဂ် ပြီး၏။