သံယုတ္တနိကာယ်—၄၈
၅—ဧရာဝဂ်
၁—ဧရာဓမ္မသုတ်
၅၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်ပုဗ္ဗာရုံကျောင်း မိဂါရမာတာဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထခဲ့၍ ကျောင်းအနောက်ဘက်နေပူဆာ၌ ကျောက်ကုန်းကို နေစာလှုံလျက် နေတော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား၏ ကိုယ်တော်ကို လက်ဖြင့် အဖန်ဖန် ဆုပ်နယ်သုံးသပ်လျက် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—“အသျှင်ဘုရား အံ့သြဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ အသျှင်ဘုရား ယခုမြတ်စွာဘုရား၏ အရေအဆင်းတော်သည် ရှေးကကဲ့သို့ စင်ကြယ်ဖြူစင်ခြင်း မရှိတော့ပါ၊ ခန္ဓာကိုယ်အားလုံး တို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ်နေပါကုန်၏၊ ခန္ဓာကိုယ်သည်ရှေ့သို့ ကိုင်းရှိုင်းပါ၏၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေဟူသော ဣန္ဒြေတို့၏ဖောက်ပြန်ခြင်းသည် ထင်ပါ၏”ဟု လျှောက်၏။
အာနန္ဒာ ထိုစကားသည် မှန်၏၊ ပျိုနုခြင်းသဘော ရှိခဲ့သော် အိုခြင်းသဘော ရှိ၏၊ ကျန်းမာခြင်းသဘောရှိခဲ့သော် နာခြင်းသဘော ရှိ၏၊ အသက်ရှင်ခြင်းသဘော ရှိခဲ့သော် သေခြင်းသဘော ရှိ၏၊ အရေအဆင်းသည် ရှေးကကဲ့သို့ စင်ကြယ်ဖြူစင်ခြင်း မရှိတော့ပေ၊ ခန္ဓာကိုယ် အားလုံးတို့သည်လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ်နေကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်း၏၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေဟူသော ဣန္ဒြေတို့၏ ဖောက်ပြန်ခြင်း သည် ထင်၏ဟုမိန့်တော်မူ၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူပြီးနောက် ထိုမှတစ်ပါးဤဂါထာကို မိန့်တော်မူပြန်၏—
“ယုတ်မာလှသော ဟယ် ့ ့ ့ဇရာတရား သင့်အား စက်ဆုပ်ဖွယ် ဖြစ်ပါစေ၊ အဆင်းပျက်အောင်ပြုလုပ်တတ်သော ဟယ် ့ ဇရာတရား နှစ်သက်ဖွယ်ကောင်း သော ခန္ဓာကိုယ်အတ္တဘောကိုဇရာတရားသည် ဖိစီးနှိပ်စက်လေစွတကား။
အနှစ်တစ်ရာ အသက်ရှည်သူသည်လည်း သေရခြင်းလျှင် လဲလျောင်းရာရှိ၏၊ သေခြင်းတရားသည်တစ်စုံတစ်ယောက်ကိုမျှ မရှောင်ကြဉ်၊ အလုံးစုံသော သတ္တဝါ ကိုပင် ဖိစီးနှိပ်စက်လေ၏”ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။