သံယုတ္တနိကာယ်—၄၈

၅—ဧရာဝဂ်

၂—ဥဏ္ဏာဘဗြာဟ္မဏသုတ်

၅၁၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဥဏ္ဏာဘပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဂေါတမ အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍ အချင်းချင်း၏ ကျက်စားရာအာရုံကိုမခံစားကုန်သော ဣန္ဒြေတို့သည် ဤငါးပါးတို့ပါတည်း။ အဘယ်ငါးပါးတို့နည်း၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ့ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေတို့ပါတည်း။ အသျှင်ဂေါတမ အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍အချင်းချင်း၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဤဣန္ဒြေငါးပါးတို့၏ မှီခိုရာကား အဘယ်ပါနည်း၊ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို အဘယ်တရားက ခံစားပါသနည်းဟု (လျှောက်၏)။

ပုဏ္ဏား အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍ အချင်းချင်း၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေတို့တည်း။ ပုဏ္ဏား အာရုံအမျိုးမျိုး ကျက်စားရာအမျိုးမျိုးရှိကုန်၍ အချင်းချင်း၏ ကျက်စားရာအာရုံကို မခံစားကုန်သော ဤဣန္ဒြေငါးပါးတို့၏ မှီခိုရာကား စိတ်တည်း။ ထိုဣန္ဒြေတို့၏ ကျက်စားရာအာရုံကို စိတ်ကပင် ခံစား၏ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ စိတ်၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား စိတ်၏ မှီခိုရာသည် အောက်မေ့မှု ‘သတိ’ တည်း။ အသျှင်ဂေါတမ အောက်မေ့မှု ‘သတိ’၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား အောက်မေ့မှု ‘သတိ’ ၏ မှီခိုရာသည် (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ တည်း။ အသျှင်ဂေါတမ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’၏မှီခိုရာသည် နိဗ္ဗာန်တည်း။ အသျှင်ဂေါတမ နိဗ္ဗာန်၏ မှီခိုရာသည် အဘယ်ပါနည်း။ ပုဏ္ဏား အမေးပြဿနာသည် လွန်သွားခဲ့ပြီ၊ အမေးပြဿနာ၏ အဆုံးကို ယူခြင်းငှါ သင် မတတ်နိုင်။ ပုဏ္ဏား မှန်၏၊ နိဗ္ဗာန်သို့သက်ဝင်သည် နိဗ္ဗာန်လျှင် လဲလျောင်းရာရှိသည် နိဗ္ဗာန်လျှင် အဆုံးရှိသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်သုံးရ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဥဏ္ဏာဘပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်ကာ နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဖဲသွားလေ၏။ ထို့နောက် မြတ်စွာဘုရားသည် ဥဏ္ဏာဘပုဏ္ဏား ဖဲသွား၍ မကြာမြင့်မီ ရဟန်းတို့အား မိန့်တော်မူ၏— “ရဟန်းတို့ ဥပမာသော်ကား အထွတ်တပ်သောအိမ်၌ဖြစ်စေ၊ အထွတ်တပ်သော ဇရပ်၌ဖြစ်စေ အရှေ့ဘက် လေသောက်ပြူတင်းမှ နေတက်သည်ရှိသော် လေသောက်ပြူတင်းပေါက်ဖြင့် နေရောင်တို့သည် ဝင်၍ အဘယ်အရပ်၌တည် ကြကုန်သနည်း”ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အနောက်နံရံ၌ တည်ပါကုန်၏ဟုလျှောက်ကုန်၏။

ရဟန်းတို့ ဤအတူပင် ဥဏ္ဏာဘပုဏ္ဏား၏ ယုံကြည်မှု ‘သဒ္ဓါ’ သည် (ငါ) ဘုရား၌ တည်၏၊ အမြစ်အရင်းကဲ့သို့ ဖြစ်၍ တည်၏၊ မြဲမြံ၏။ သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ လောက၌ တစ်စုံတစ်ယောက်သောသူမျှ မရွှေ့ပြောင်းနိုင်။ ရဟန်းတို့ ဤအခါ၌ ဥဏ္ဏာဘပုဏ္ဏား သေခဲ့မူ အကြင်သံယောဇဉ်နှင့် စပ်ယှဉ်သည် ဖြစ်၍ ဥဏ္ဏာဘပုဏ္ဏားသည် ဤလောကသို့ တစ်ဖန်ပြန်လာရာ၏၊ ထိုသံယောဇဉ်မျိုးသည် (ဥဏ္ဏာဘပုဏ္ဏားအား) မရှိတော့ချေဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။