သံယုတ္တနိကာယ်—၄၈

၅—ဧရာဝဂ်

၄—ပုဗ္ဗကောဋ္ဌကသုတ်

၅၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်ပုဗ္ဗကောဋ္ဌကအရပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာအားဤ စကားကို မိန့်တော်မူ၏—“သာရိပုတြာ သဒ္ဓိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက် နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟုသင် ယုံကြည်သလော”ဟု (မိန့်တော် မူ၏)။

အသျှင်ဘုရား သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟုဤဣန္ဒြေ၌ အကျွန်ုပ်သည် မြတ်စွာဘုရားအား ယုံကြည်ရုံမျှဖြင့် ဆည်းကပ်သည် မဟုတ်ပါ။ အသျှင်ဘုရားသဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု ထိုဣန္ဒြေငါးပါးကို မသိကုန် မမြင်ကုန် မထင်ကုန် မျက်မှောက်မပြုကုန် ပညာဖြင့် မတွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌သူတစ်ပါးတို့အား ယုံကြည်ခြင်းဖြင့် ဆည်းကပ်ကုန်ရာ၏။ အသျှင်ဘုရား သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကိုပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင်လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု ဤဣန္ဒြေငါးပါးကို သိကုန် မြင်ကုန် ထင်ကုန် မျက်မှောက်ပြုကုန် ပညာဖြင့် တွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌ ယုံမှားခြင်း မရှိ်ကုန်၊ မဝေခွဲနိုင်ခြင်း မရှိကုန်။ အသျှင်ဘုရား သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု အကျွန်ုပ်သည် ထိုဣန္ဒြေငါးပါးကို သိပါ၏၊ မြင်ပါ၏၊ ထင်ပါ၏၊ မျက်မှောက်ပြုပါ၏၊ ပညာဖြင့် တွေ့ထိပါ၏၊ အကျွန်ုပ်သည် ထိုဣန္ဒြေတို့၌ ယုံမှားခြင်း မရှိပါ၊ မဝေခွဲနိုင်ခြင်း မရှိပါဟု လျှောက်၏။

သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု ထိုဣန္ဒြေငါးပါးကို မသိကုန် မမြင်ကုန် မထင်ကုန် မျက်မှောက်မပြုကုန် ပညာဖြင့် မတွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌ သူတစ်ပါးတို့အား ယုံကြည်ခြင်းဖြင့်ဆည်းကပ်ကုန်ရာ၏။ သာရိပုတြာ သဒ္ဓိန္ဒြေကို။ပ။ ပညိန္ဒြေကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိ၏ဟု ထိုဣန္ဒြေငါးပါးကို သိကုန် မြင်ကုန် ထင်ကုန် မျက်မှောက်ပြုကုန် ပညာဖြင့် တွေ့ထိကုန်သော သူတို့သည် ထိုဣန္ဒြေတို့၌ ယုံမှားခြင်း မရှိ်ကုန်၊ မဝေခွဲနိုင်ခြင်း မရှိကုန်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။