သံယုတ္တနိကာယ်—၄၈

၅—ဧရာဝဂ်

၃—သာကေတသုတ်

၅၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ အဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ —“ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ဣန္ဒြေငါးပါးတို့သည် ဗိုလ်ငါးပါးတို့ ဖြစ်ကုန်၏၊ ဗိုလ်ငါးပါးတို့သည် ဣန္ဒြေငါးပါးတို့ ဖြစ်ကုန်၏၊ ယင်းအကြောင်းပရိယာယ်သည်ရှိသလော”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းမူလ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင်ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ကိုးကွယ်ရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဤဟောအပ်သော တရား၏ အနက်သည် မြတ်စွာဘုရား၏ ဉာဏ်၌သာလျှင် ထင်ပါစေလော့၊ မြတ်စွာဘုရား၏ အထံတော်မှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားရပါလိမ့်မည်။ပ။ ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ဣန္ဒြေငါးပါးတို့သည် ဗိုလ်ငါးပါးတို့ ဖြစ်ကုန်၏၊ ဗိုလ်ငါးပါးတို့သည် ဣန္ဒြေငါးပါးတို့ဖြစ်ကုန်၏၊ ယင်းအကြောင်း ပရိယာယ်သည် ရှိ၏။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ဣန္ဒြေငါးပါးတို့သည် ဗိုလ်ငါးပါးတို့ ဖြစ်ကုန်၏၊ ဗိုလ်ငါးပါးတို့သည် ဣန္ဒြေငါးပါးတို့ ဖြစ်ကုန်၏၊ ယင်းအကြောင်းပရိယာယ်သည် အဘယ်နည်း။ ရဟန်းတို့သဒ္ဓိန္ဒြေသည် သဒ္ဓါဗိုလ်ဖြစ်၏၊ သဒ္ဓါဗိုလ်သည် သဒ္ဓိန္ဒြေဖြစ်၏။ ဝီရိယိန္ဒြေသည် ဝီရိယဗိုလ်ဖြစ်၏၊ ဝီရိယဗိုလ်သည် ဝီရိယိန္ဒြေဖြစ်၏။ သတိန္ဒြေသည် သတိဗိုလ်ဖြစ်၏၊ သတိဗိုလ်သည် သတိန္ဒြေဖြစ်၏။ သမာဓိန္ဒြေသည် သမာဓိဗိုလ်ဖြစ်၏၊ သမာဓိဗိုလ်သည် သမာဓိန္ဒြေဖြစ်၏။ ပညိန္ဒြေသည် ပညာဗိုလ်ဖြစ်၏၊ ပညာဗိုလ်သည် ပညိန္ဒြေဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား မြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်း၏၊ ထိုမြစ်၏ အလယ်၌ကျွန်းရှိ၏။ ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်တစ်ခုတည်းသာဟု ရေတွက်ခြင်းသို့ ရောက်၏၊ ယင်းအကြောင်းပရိယာယ်သည် ရှိ၏။ ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ရေအလျဉ်နှစ်ခုတို့သာဟု ရေတွက်ခြင်းသို့ ရောက်၏၊ ယင်းအကြောင်းပရိယာယ်သည်လည်း ရှိ၏။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်တစ်ခုတည်းသာဟု ရေတွက်ခြင်းသို့ရောက်၏။ ယင်းအကြောင်းပရိယာယ်ကား အဘယ်နည်း၊ ရဟန်းတို့ ထိုကျွန်း၏ အရှေ့ဘက်အစွန်၌လည်းရေရှိ၏၊ အနောက် ဘက်အစွန်၌လည်း ရေရှိ၏။ ရဟန်းတို့ ဤအရှေ့ဘက်အစွန် အနောက်ဘက်အစွန်၌ရေရှိခြင်းဟူသောအကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်တစ်ခုတည်းသာဟု ရေတွက်ခြင်းသို့ရောက်၏။ ဤသည်ကား အကြောင်းပရိယာယ်တည်း။

ရဟန်းတို့ အကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်နှစ်ခုတို့သာဟု ရေတွက်ခြင်းသို့ရောက်ကုန်၏။ ယင်းအကြောင်းပရိယာယ်ကား အဘယ်နည်း၊ ရဟန်းတို့ ထိုကျွန်း၏ မြောက်ဘက်အစွန်၌လည်း ရေရှိ၏၊ တောင်ဘက်အစွန်၌လည်း ရေရှိ၏။ ရဟန်းတို့ ဤမြောက်ဘက်အစွန်တောင်ဘက်အစွန်၌ ရေရှိခြင်းဟူသောအကြောင်းပရိယာယ်ကို စွဲ၍ ထိုမြစ်၌ ရေအလျဉ်နှစ်ခုတို့ဟုရေတွက်ခြင်းသို့ ရောက် ကုန်၏။ ဤသည်ကား အကြောင်းပရိယာယ်တည်း။

ရဟန်းတို့ ဤအတူပင် သဒ္ဓိန္ဒြေသည် သဒ္ဓါဗိုလ်ဖြစ်၏၊ သဒ္ဓါဗိုလ်သည် သဒ္ဓိန္ဒြေဖြစ်၏။ ဝီရိယိန္ဒြေ သည်ဝီရိယဗိုလ်ဖြစ်၏၊ ဝီရိယဗိုလ်သည် ဝီရိယိန္ဒြေဖြစ်၏။ သတိန္ဒြေသည် သတိဗိုလ်ဖြစ်၏၊ သတိဗိုလ် သည်သတိန္ဒြေဖြစ်၏။ သမာဓိန္ဒြေသည် သမာဓိဗိုလ်ဖြစ်၏၊ သမာဓိဗိုလ်သည် သမာဓိန္ဒြေဖြစ်၏။ ပညိန္ဒြေ သည်ပညာဗိုလ်ဖြစ်၏၊ ပညာဗိုလ်သည် ပညိန္ဒြေဖြစ်၏။ ရဟန်းတို့ ဣန္ဒြေငါးပါးတို့ကို ပွါးများခြင်းကြောင့်ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ရဟန်းသည် အာသဝကုန်သည် ဖြစ်၍ အာသဝမရှိသော (ကိလေသာမှ) လွတ်မြောက်သောအရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။