သံယုတ္တနိကာယ်—၄၈

၅—ဧရာဝဂ်

၅—ပဌမ ပုဗ္ဗာရာမသုတ်

၅၁၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပုဗ္ဗာရုံ ကျောင်းမိဂါရမာတာဝိသာခါ၏ ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်အသျှင်သာရိပုတြာအား ဤစကားကို မိန့်တော်မူ၏— “ရဟန်းတို့ အဘယ်မျှသော ဣန္ဒြေတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် ‘ပဋိသန္ဓေနေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိ တော့ပြီ’ဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တရားတော်တို့သည် မြတ်စွာဘုရားလျှင် အရင်းအမြစ် ရှိပါကုန်၏။ပ။ဟု လျှောက်ကုန်၏။ ရဟန်းတို့ ဣန္ဒြေတစ်ပါးကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ့ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ အဘယ်ဣန္ဒြေတစ်ပါးကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်နည်း၊ ပညိန္ဒြေကို ပွါးများခြင်းကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ပညာရှိသောအရိယာသာဝကအား ထိုပညာသို့အစဉ်လိုက်သော ယုံကြည်မှု ‘သဒ္ဓါ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သောအားထုတ်မှု ‘ဝီရိယ’ သည် ကောင်းစွာ တည်၏၊ ထိုပညာသို့ အစဉ်လိုက်သော အောက်မေ့မှု ‘သတိ’ သည် ကောင်းစွာတည်၏၊ ထိုပညာသို့ အစဉ်လိုက်သော တည်ကြည်မှု ‘သမာဓိ’ သည် ကောင်းစွာ တည်၏။ ရဟန်းတို့ ဤဣန္ဒြေတစ်ပါးကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်ပြီးသော ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ငါ သိ၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။