သံယုတ္တနိကာယ်—၅၁

၂—ပါသာဒကမ္ပနဝဂ်

၈—ဘိက္ခုသုတ်

၈၃ဝ။ ရဟန်းတို့ ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် အာသဝကုန်သဖြင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုလျက် ရောက်၍ နေရ၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကိုပွါးများ၏။ ရဟန်းတို့ ရဟန်းသည် ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာပြုလုပ်ခြင်းကြောင့် အာသဝကုန်သဖြင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။