သံယုတ္တနိကာယ်—၅၁
၂—ပါသာဒကမ္ပနဝဂ်
၉—ဣဒ္ဓါဒိဒေသနာသုတ်
၈၃၁။ ရဟန်းတို့ သင်တို့အား ဣဒ္ဓိကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်ပွါးများခြင်းကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ဟောကြားပေအံ့၊ ထို တရားကို နာကြကုန်လော့။
ရဟန်းတို့ ဣဒ္ဓိဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသောတန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွားနိုင်၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာနိုင်၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။ ရဟန်းတို့ ဤသည်ကို ဣဒ္ဓိဟု ဆိုအပ်၏။
ရဟန်းတို့ ဣဒ္ဓိပါဒ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဣဒ္ဓိကို ရရန်ဖြစ်သော လမ်းစဉ်အကျင့်ကိုဣဒ္ဓိပါဒ်ဟု ဆိုအပ်၏။
ရဟန်းတို့ ဣဒ္ဓိပါဒ်ပွါးများခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဝီရိယကို မှီ၍ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို ဣဒ္ဓိပါဒ်ပွါးများခြင်းဟု ဆိုအပ်၏။
ရဟန်းတို့ ဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။ အင်္ဂါရှစ်ပါးရှိသောဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော စကား ‘သမ္မာဝါစာ’၊ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’၊ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ ရဟန်းတို့ ဤသည်ကိုဣဒ္ဓိပါဒ်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။