သံယုတ္တနိကာယ်—၉

၄—သမ္ဗဟုလသုတ်

၂၂၄။ အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေကုန်၏၊ ထိုအခါ ရဟန်းတို့သည် ဝါကျွတ်ကုန်ပြီးသော် သုံးလကို လွန်သဖြင့် ဒေသစာရီ ဖဲသွားကြကုန်၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် ထိုရဟန်းတို့ကို မမြင်သည် ဖြစ်ရကား ငိုကြွေးလျက် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏—

“များစွာကုန်သော ဆိတ်ငြိမ်သော နေရာတို့ကို မြင်ရသောကြောင့် ငါ့အား ယနေ့ မမွေ့လျော်သကဲ့သို့ ထင်၏၊ ထိုရဟန်းတို့သည် ဆန်းကြယ်သော တရား စကား ရှိကုန်၏၊ များစွာသော အကြားအမြင် ရှိကုန်၏၊ ဤဂေါတမဘုရား၏ တပည့် ဖြစ်ကုန်သော ထိုရဟန်းတို့သည် အဘယ်အရပ်သို့ သွားကုန်သနည်း”ဟု ရွတ်ဆို၏။

ဤသို့ ရွတ်ဆိုအပ်သည် ရှိသော် နတ်သားတစ်ယောက်သည် ထိုဆိုသော နတ်သားကို ဂါထာဖြင့် ပြန်ပြော၏—

“အချို့သော ရဟန်းတို့သည်ကား မဂဓတိုင်းသို့ သွားကုန်၏၊ အချို့သော ရဟန်းတို့သည်ကား ကောသလတိုင်းသို့ သွားကုန်၏၊ အချို့သော ရဟန်းတို့သည်ကား ဝဇ္ဇီတိုင်းသို့ သွားကုန်၏၊ ကပ်ငြိခြင်း မရှိဘဲ သွားလေ့ရှိကုန်သော သားသမင်နှင့် တူကုန်သော ရဟန်းတို့သည် အိမ် မရှိကုန်သည် ဖြစ်၍ နေကြကုန်၏”ဟု (ပြန် ပြော၏)။