အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သန္ထာရဝဂ်

၁၅၂။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းဖြင့် အဆက်အသွယ်ပြုခြင်း ‘အာမိသသန္ထာရ’လည်းကောင်း၊ တရားဖြင့် အဆက်အသွယ် ပြုခြင်း ‘ဓမ္မသန္ထာရ’လည်းကောင်းတို့တည်း။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် အဆက်အသွယ်ပြုခြင်းသည် ရှိ၏၊ ထိုတရားဖြင့် အဆက်အသွယ်ပြုခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၅၃။ ရဟန်းတို့ အစေ့အစပ် အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်း ‘အာမိသပဋိသန္ထာရ’လည်းကောင်း၊ တရားဖြင့် အစေ့အစပ်အဆက်အသွယ်ပြုခြင်း ‘ဓမ္မပဋိသန္ထာရ’လည်းကောင်းတို့တည်း။ ရဟန်းတို့ အစေ့အစပ်အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ အစေ့အစပ် အဆက်အသွယ်ပြုခြင်းနှစ်မျိုးတို့တွင် အကြင် တရားဖြင့် အစေ့အစပ်အဆက်အသွယ်ပြုခြင်းသည် ရှိ၏၊ ထိုတရားဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၅၄။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို ရှာမှီးခြင်း ‘အာမိသေသနာ’လည်းကောင်း၊ တရားကို ရှာမှီးခြင်း ‘ဓမ္မေသနာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ရှာမှီးခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၅၅။ ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို ထက်ဝန်းကျင် ရှာမှီးခြင်း ‘အာမိသပရိယေသနာ’ လည်းကောင်း၊ တရားကို ထက်ဝန်းကျင် ရှာမှီးခြင်း ‘ဓမ္မပရိယေသနာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤထက်ဝန်းကျင် ရှာမှီးခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို ထက်ဝန်း ကျင် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ထက်ဝန်းကျင် ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၅၆။ ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— ပစ္စည်းကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း ‘အာမိသပရိယေဋ္ဌိ’လည်းကောင်း၊ တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း ‘ဓမ္မပရိယေဋ္ဌိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအထွတ်အထိပ်ရောက် ရှာမှီးခြင်းနှစ်မျိုး တို့တွင် အကြင် တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို အထွတ်အထိပ် ရောက် ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၅၇။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်း ဖြင့် ပူဇော်ခြင်း ‘အာမိသပူဇာ’လည်းကောင်း၊ တရားဖြင့် ပူဇော်ခြင်း ‘ဓမ္မပူဇာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပူဇော်ခြင်း နှစ်မျိုးတို့ တွင် အကြင် တရားဖြင့် ပူဇော်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ပူဇော်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၅၈။ ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— ဧည့်သည် အာဂန္တုတို့အား ပစ္စည်းကို ပေးလှူခြင်း ‘အာမိသာတိထေယျ’လည်းကောင်း၊ ဧည့်သည်အာဂန္တုတို့အားတရားကို ပေးလှူခြင်း ‘ဓမ္မာတိထေယျ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဧည့်သည်အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဧည့်သည့်အာဂန္တုတို့အား ဤပေးလှူခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ပေးလှူခြင်းသည် ရှိ၏၊ ထိုတရားကို ပေးလှူခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

၁၅၉။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းပြည့်စုံခြင်း ‘အာမိသိဒ္ဓိ’လည်းကောင်း၊ တရားပြည့်စုံခြင်း ‘ဓမ္မိဒ္ဓိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပြည့်စုံခြင်းနှစ်မျိုးတို့တွင် အကြင် တရား ပြည့်စုံခြင်းသည် ရှိ၏၊ ထိုတရားပြည့်စုံခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၆ဝ။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းဖြင့် ကြီးပွါးခြင်း ‘အာမိသဝုဒ္ဓိ’လည်းကောင်း၊ တရားဖြင့် ကြီးပွါးခြင်း ‘ဓမ္မဝုဒ္ဓိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤကြီးပွါးခြင်းနှစ်မျိုး တို့တွင် အကြင် တရားဖြင့် ကြီးပွါးခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ကြီးပွါးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၆၁။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းတည်းဟူသော နှစ်သက်ဖွယ်ရာ ‘အာမိသရတနာ’ လည်းကောင်း၊ တရားတည်းဟူသော နှစ်သက်ဖွယ်ရာ ‘ဓမ္မရတနာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ဤရတနာနှစ်မျိုးတို့တွင် အကြင် ဓမ္မရတနာသည် ရှိ၏၊ ထို ဓမ္မရတနာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။

၁၆၂။ ရဟန်းတို့ ဆည်းပူးစုဆောင်းခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်းကို ဆည်းပူးစုဆောင်းခြင်း ‘အာမိသသန္နိစယ’လည်းကောင်း၊ တရားကို ဆည်းပူး စုဆောင်းခြင်း ‘ဓမ္မသန္နိစယ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဆည်းပူးစုဆောင်းခြင်း တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤဆည်းပူး စုဆောင်းခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ဆည်းပူး စုဆောင်းခြင်းသည် ရှိ၏၊ ထိုတရားကို ဆည်းပူးစုဆောင်းခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၁)

၁၆၃။ ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်း၏ ပြန့်ပြောခြင်း ‘အာမိသဝေပုလ္လ’လည်းကောင်း၊ တရား၏ ပြန့်ပြောခြင်း ‘ဓမ္မဝေပုလ္လ’လည်းကောင်းတို့တည်း။ ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပြန့်ပြောခြင်း နှစ်မျိုးတို့တွင် အကြင် တရား၏ ပြန့်ပြောခြင်းသည် ရှိ၏၊ ထိုတရား၏ ပြန့်ပြောခြင်းသည် မြတ်ပေ သတည်းဟု (မိန့်တော်မူ၏)။ (၁၂)

လေးခုမြောက် သန္ထာရဝဂ် ပြီး၏။