အင်္ဂုတ္တရနိကာယ်
(၁၅) ၅-သမာပတ္တိဝဂ်
၁၆၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သမာပတ် ဝင်စားမှု၌ လိမ္မာခြင်း ‘သမာပတ္တိကုသလတာ’လည်းကောင်း၊ သမာပတ်မှ ထမှု၌ လိမ္မာခြင်း ‘သမာပတ္တိ ဝုဋ္ဌာနကုသလတာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁)
၁၆၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဖြောင့်မတ်ခြင်း ‘အဇ္ဇဝ’လည်းကောင်း၊ နူးညံ့ခြင်း ‘မဒ္ဒဝ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)
၁၆၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သည်းခံခြင်း ‘ခန္တီ’လည်းကောင်း၊ ကောင်းသော အကျင့်ဖြင့် မွေ့လျော်ခြင်း ‘သောရစ္စ’လည်းကောင်းတို့တည်း။ ရဟန်း တို့တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)
၁၆၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— နူးညံ့ ပြေပြစ်သော စကားရှိခြင်း ‘သာခလျ’လည်းကောင်း၊ အစေ့အစပ်အဆက်အသွယ်ကောင်းခြင်း ‘ပဋိသန္ထာရ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)
၁၆၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မညှဉ်း ဆဲခြင်း ‘အဝိဟိံသာ’၁လည်းကောင်း၊ စင်ကြယ်ခြင်း ‘သောစေယျ’၂လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)
၁၆၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဣန္ဒြေတို့၌ မဆို့ပိတ်အပ်သော တံခါးရှိခြင်း ‘ဣန္ဒြိယေသု အဂုတ္တဒွါရတာ’လည်းကောင်း၊ အစားအစာတို့၌ အတိုင်းအရှည်ကို မသိခြင်း ‘ဘောဇနေ အမတ္တညုတာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)
၁၇ဝ။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဣန္ဒြေတို့၌ ဆို့ပိတ်အပ်သော တံခါးရှိခြင်း ‘ဣန္ဒြိယေသု ဂုတ္တဒွါရတာ’လည်းကောင်း၊ အစားအစာတို့၌ အတိုင်း အရှည်ကို သိခြင်း ‘ဘောဇနေ မတ္တညုတာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)
၁၇၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဆင်ခြင်ခြင်း အား ‘ပဋိသင်္ခါနဗလ’လည်းကောင်း၊ ပွါးများခြင်းအား ‘ဘာဝနာဗလ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)
၁၇၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အောက်မေ့ခြင်းအား ‘သတိဗလ’လည်းကောင်း၊ တည်ကြည်ခြင်းအား ‘သမာဓိဗလ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)
၁၇၃။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— နီဝရဏ တို့ကို ငြိမ်းစေခြင်း ‘သမထ’လည်းကောင်း၊ သင်္ခါရတို့ကို ရှုမှတ်သိမ်းဆည်းခြင်း ‘ဝိပဿနာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)
၁၇၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အကျင့် သီလပျက်စီးခြင်း ‘သီလဝိပတ္တိ’လည်းကောင်း၊ ဉာဏ်အမြင် ‘အယူ’ ပျက်စီးခြင်း ‘ဒိဋ္ဌိဝိပတ္တိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)
၁၇၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အကျင့် သီလ၏ ပြည့်စုံခြင်း ‘သီလသမ္ပဒါ’လည်းကောင်း ဉာဏ်အမြင် ‘အယူ’၏ ပြည့်စုံခြင်း ‘ဒိဋ္ဌိသမ္ပဒါ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၂)
၁၇၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အကျင့် သီလ၏ စင်ကြယ်ခြင်း’သီလဝိသုဒ္ဓိ’လည်းကောင်း၊ ဉာဏ်အမြင် ‘အယူ’၏ စင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၃)
၁၇၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဉာဏ် အမြင် ‘အယူ’၏ စင်ကြယ်ခြင်း ‘ဒိဋ္ဌိဝိသုဒ္ဓိ’လည်းကောင်း၊ ဉာဏ်အမြင် ‘အယူ’ အားလျော်စွာ အားထုတ်ခြင်း့’ယထာဒိဋ္ဌိ ပဓာန’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၄)
၁၇၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်ခြင်းလည်းကောင်း၊ တရားအားထုတ်ရာ၌ ဆုတ်နစ်မှု မရှိခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၅)
၁၇၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— သတိတရား ကင်းလွတ်ခြင်း ‘မုဋ္ဌဿစ္စ’လည်းကောင်း၊ ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်း ‘အသမ္ပဇည’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၆)
၁၈ဝ။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အောက် မေ့ခြင်း ‘သတိ’လည်းကောင်း၊ ဆင်ခြင်ခြင်း ‘သမ္ပဇည’လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၇)
ငါးခုမြောက် သမာပတ္တိဝဂ် ပြီး၏။
တတိယ သုတ်ငါးဆယ် ပြီး၏။
၁။ သတ္တဝါတို့၌ သနားခြင်း ကရုဏာကို ဆိုသည်။
၂။ သတ္တဝါတို့၌ ချစ်ကြည်ခြင်း မေတ္တာကို ဆိုသည်။