အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၁ဝ-ဒုတိယ ပါပဏိကသုတ်
၂ဝ။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၌ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ ဈေးသည်သည် မျက်စိအမြင် ရှိ၏၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိ၏၊ အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် “ဤကုန်ပစ္စည်းကို ဤသို့ဝယ်၍ ဤသို့ရောင်းသော် အရင်းအနှီးကား ဤမျှလောက် ဖြစ်လတ္တံ့၊ အမြတ် အစွန်းကား ဤမျှလောက် ဖြစ်လတ္တံ့”ဟု ဤသို့ ရောင်းကုန်ပစ္စည်းကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ကုန်ပစ္စည်းကို ဝယ်ခြင်းငှါလည်းကောင်း၊ ရောင်းခြင်းငှါလည်းကောင်း ကျွမ်းကျင်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် ထူးသော ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်ကို ကြွယ်ဝကုန် များသောဥစ္စာရှိကုန် များသောအသုံးအဆောင်ရှိကုန်သော သူကြွယ် တို့သည်လည်းကောင်း၊ သူကြွယ်သားတို့သည်လည်းကောင်း “ဤဈေးသည်ကား မျက်စိအမြင်လည်း ရှိ၏၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးလည်း ရှိ၏၊ သားသမီးတို့ကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ငါတို့အား ရံခါရံခါ အတိုးပေးဆပ်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏”ဟု သိကုန်၏။ ထိုသူကြွယ် သူကြွယ်သားတို့သည် ထို ဈေးသည်ကို “အချင်းဈေးသည် ငါ၏အထံမှ ဤကုန်စည်ပစ္စည်းတို့ကို ယူ၍ သားမယားကိုလည်း လုပ်ကျွေးလော့၊ ငါတို့အားလည်း ရံခါရံခါ အတိုးပေးဆပ်ပါလော့”ဟု ကုန်စည်ပစ္စည်းဖြင့် ဖိတ်ကြား ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုး တို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၏ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏၊ အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဉာဏ်နှင့် ယှဉ်သော ဝီရိယထူးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်း ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လ ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဉာဏ်နှင့်ယှဉ် သော ဝီရိယထူးရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အကြားအမြင်များကုန် ပါဠိတော်ကို နှုတ်တက်ဆောင်ကုန် သုတ္တန်ကို ဆောင်ကုန် ဝိနည်းကို ဆောင်ကုန် ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ ရံဖန် ရံခါ ချဉ်းကပ်၍ “အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ပါနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်သို့ပါနည်း”ဟု မေး မြန်း၏၊ စိစစ်၏၊ ထို (ဗဟုသုတရှိကြသော) အသျှင်တို့သည် ထိုရဟန်းအား မဖွင့်အပ်သေးသည်ကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည်တို့ကိုလည်း ပေါ်လွင်စေကုန်၏၊ များပြားကုန်သော ယုံမှားခြင်း၏ အကြောင်းတရားတို့၌ ယုံမှားမှုကို ပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှီကောင်း နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် ရထကာရဝဂ် ပြီး၏။
ပဌမအခန်း ပြီး၏။