အင်္ဂုတ္တရနိကာယ်
၈-အရဟတ္တဝဂ်
၁-ဒုက္ခသုတ်
၇၅။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ငြိုငြင်ခြင်းပင်ပန်းခြင်း ပူပန်ခြင်းနှင့်တကွ ဆင်းရဲစွာ နေရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်း သော လားရာ ‘ဒုဂ္ဂတိဘဝ’ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ကာမဂုဏ်ကို ကြံစည်မှု ‘ကာမဝိတက်’၊ ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’၊ ညှဉ်းဆဲရန်ကြံစည်မှု ‘ဝိဟိံ သဝိတက်’၊ ကာမဂုဏ်၌ မှတ်သားမှု ‘ကာမသညာ’၊ ပျက်စီးစေရန် မှတ်သားမှု’ဗျာပါဒသညာ’၊ ညှဉ်းဆဲရန် မှတ်သားမှု ‘ဝိဟိံ သသညာ’ တို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ငြိုငြင်ခြင်းပင်ပန်းခြင်း ပူပန်ခြင်းနှင့်တကွ ဆင်းရဲစွာ နေရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်း သော လားရာ ‘ဒုဂ္ဂတိဘဝ’ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ငြိုငြင်ခြင်းပင်ပန်းခြင်း ပူပန်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ‘သုဂတိဘဝ’ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ကာမဂုဏ်မှ ထွက်မြောက်ရန် ကြံစည်မှု ‘နေက္ခမ္မဝိတက်’၊ မပျက်စီးစေရန် ကြံစည်မှု ‘အဗျာပါဒဝိတက်’၊ မညှဉ်းဆဲရန် ကြံစည်မှု ‘အဝိဟိံ သဝိတက်’၊ ကာမဂုဏ်မှ လွတ်မြောက်ခြင်း၌ မှတ်သားမှု’နေက္ခမ္မသညာ’၊ မပျက်စီးစေရန် မှတ်သားမှု ‘အဗျာပါဒသညာ’၊ မညှဉ်းဆဲရန် မှတ်သားမှု ‘အဝိဟိံ သသညာ’ တို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင် ငြိုငြင်ခြင်းပင်ပန်းခြင်း ပူပန်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ‘သုဂတိဘဝ’ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။