သံယုတ္တနိကာယ်—၂၁
၆—လကုဏ္ဍကဘဒ္ဒိယသုတ်
၂၄ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်လကုဏ္ဍကဘဒ္ဒိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ မြတ်စွာဘုရားသည် အသျှင်လကုဏ္ဍကဘဒ္ဒိယ လာနေသည်ကို အဝေးမှပင် မြင်တော်မူ၍ ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏— “ရဟန်းတို့ သင်တို့သည် အဆင်းမလှသော ရူချင်ဖွယ်မကောင်းသော ပုကွသော ရဟန်းတို့၏ နှိပ်စက်ပြောဆိုခြင်းကို ခံနေရသော သဘောရှိသော လာနေသော ထိုရဟန်းကို မြင်ကုန်၏လော”ဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား မြင်ပါကုန်၏၊ ရဟန်းတို့ ဤရဟန်းသည် ကြီးသော တန်ခိုးရှိ၏၊ ကြီးသော အာနုဘော်ရှိ၏၊ ထိုရဟန်း မဝင်စားဖူးသော သမာပတ်ကို ရရန် မလွယ်၊ လူ့ ဘောင်မှ (ရဟန်းဘောင်) သို့ ဝင်ရောက် (ရဟန်းပြု) ကြသော အမျိုးကောင်းသားများ လိုလားအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။ပ။ ထို့နောက် မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူ၏—
“ဟင်္သာ, ကြိုးကြာ, ဥဒေါင်း, ဆင်, ချေ, သမင်ဟု ဆိုအပ်သော အလုံးစုံသော သတ္တဝါတို့သည် ခြင်္သေ့မှ ကြောက်ကုန်၏၊ ကိုယ်သဏ္ဌာန်၌မူကား တူမျှခြင်း မရှိပေ။
ဤအတူသာလျှင် လူတို့၌ ငယ်ပင်ငယ်သော်လည်း ပညာရှိသော သူသည်သာ ထိုလူများအပေါင်းတွင် ကြီးမြတ်သူ မည်၏၊ သူမိုက်သည် ကိုယ်သဏ္ဌာန် ကြီးသော်လည်း ကြီးမြတ်သူ မမည်”ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။