သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၄—ပုဗ္ဗသုတ်

၂၇၂။ ရဟန်းတို့ ငါဘုရားသည် ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်း သာဖြစ်နေစဉ် ရှေးအခါက “ ဝေဒနာတို့ကား အဘယ်တို့နည်း၊ ဝေဒနာ၏ ဖြစ်ကြောင်းကား အဘယ်နည်း၊ ဝေဒနာဖြစ်ကြောင်းသို့ ရောက်စေတတ်သော အကျင့်ကား အဘယ်နည်း၊ ဝေဒနာချုပ်ငြိမ်းရာကားအဘယ်နည်း၊ ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကား အဘယ်နည်း၊ ဝေဒနာ၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကား အဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း “ ဟူသော ဤအကြံဖြစ်ပေါ်ဖူး၏။

ရဟန်းတို့ ထိုအကြံ ဖြစ်ပေါ်လာသော ငါ့အား “ဝေဒနာတို့ကား သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ့ဥပေက္ခာဝေဒနာ ဤသုံးပါးတို့တည်း။ ဤသည်တို့ကို ဝေဒနာတို့ဟု ဆိုအပ်ကုန်၏။ တွေ့ထိမှု ‘ဖဿ’ဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏။ တပ်မက်မှု ‘ တဏှာ ‘သည် ဝေဒနာဖြစ်ကြောင်းသို့ ရောက်စေတတ်သောအကျင့်မည်၏။ပ။ ဝေဒနာ၌ လိုချင်စွဲမက်မှု ‘ ဆန္ဒရာဂ ‘ ကို ဖျောက်ခြင်း၊ လိုချင်စွဲမက်မှု ‘ ဆန္ဒရာဂ ‘ ကိုပယ်ခြင်းသည် ဝေဒနာ၏ ထွက်မြောက်ရာမည်၏”ဟူသော ဤအကြံ ဖြစ်ပေါ်ခဲ့ဖူး၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။