အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ပရိသုဒ္ဓဝဂ်
၉-နဝမသုတ်
၁၃၁။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားဆယ်မျိုးတို့သည် စင်စစ်ငြီးငွေ့ရန် မတပ်မက်ရန် ချုပ်ရန် ငြိမ်းရန် အထူးသိရန် ထိုးထွင်း၍သိရန် နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’မှ တစ်ပါး၌ မဖြစ်ကုန်။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤတရားဆယ်မျိုးတို့သည် စင်စစ် ငြီးငွေ့ရန် မတပ်မက်ရန် ချုပ်ရန် ငြိမ်းရန် အထူးသိရန် ထိုးထွင်း၍ သိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။