အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ရာဇဝဂ်

၆-ဒုတိယ ပတ္ထနာသုတ်

၁၃၆။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော မင်း၏ သားကြီးသည် အိမ်ရှေ့မင်းအဖြစ်ကို တောင့်တ၏။

အဘယ်ငါးငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤလောက၌ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော မင်း၏သားကြီးသည်—

အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊

ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။

အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ် ကောင်း၏၊ စိတ်ကို ကြည်လင်စေနိုင်၏၊ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။

မိဘတို့သည် ချစ်အပ် မြတ်နိုးအပ်၏။

ဗိုလ်ပါအပေါင်းသည် ချစ်အပ် မြတ်နိုးအပ်၏။

ပညာရှိ၏၊ ရဲရင့်လိမ္မာ၏၊ ဆင်ခြင် တိုင်းထွာတတ်သော ပညာနှင့် ပြည့်စုံ၏၊ အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အကျိုးတို့ကို ကြံစည်ခြင်းငှါ စွမ်းနိုင်၏။

ထိုမင်းသားအား ဤသို့ အကြံဖြစ်၏—

“ငါသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက့်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အဘယ်ကြောင်းကြောင့် အိမ်ရှေ့မင်းအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း။

ငါသည် အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ် ကောင်း၏၊ စိတ်ကို ကြည်လင်စေနိုင်၏၊ လွန်ကဲသောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။ အဘယ့်ကြောင့် အိမ်ရှေ့မင်းအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း။

ငါသည် မိဘတို့ ချစ်အပ် မြတ်နိုးအပ်သူ ဖြစ်၏၊ အဘယ့်ကြောင့် အိမ်ရှေ့မင်းအဖြစ်ကို ငါမတောင့်တဘဲ နေရအံ့နည်း။

ငါသည် ဗိုလ်ပါအပေါင်း၏ ချစ်အပ် မြတ်နိုးအပ်သူ ဖြစ်၏၊ အဘယ့်ကြောင့် အိမ်ရှေ့မင်းအဖြစ်ကိုငါ မတောင့်တဘဲ နေရအံ့နည်း။

ငါသည် ပညာရှိ၏၊ ရဲရင့်လိမ္မာ၏၊ ဆင်ခြင် တိုင်းထွာတတ်သော ပညာနှင့် ပြည့်စုံ၏၊ အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အကျိုးတို့ကို ကြံစည်ခြင်းငှါ စွမ်းနိုင်၏၊ အဘယ့်ကြောင့် အိမ်ရှေ့မင်းအဖြစ်ကိုငါ မတောင့်တဘဲ နေရအံ့နည်း”ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော မင်း၏ သားကြီးသည် အိမ်ရှေ့မင်း၏ အဖြစ်ကို တောင့်တ၏။

ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကို တောင့်တ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။

အကြားအမြင်များ၏။ပ။ ဉာဏ်ဖြင့် ထိုးထွင်း၍ သိ၏။

သတိပဋ္ဌာန်တရားလေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိ၏။

အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် ဖြစ်၍နေ၏၊ အားအစွမ်း ရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။

ပညာရှိ၏၊ ဖြစ်မှုပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ (နိဗ္ဗာန်) သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

ထိုရဟန်အား ဤသို့ အကြံဖြစ်၏—

“ငါသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက် အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’နှင့် ပြည့်စုံသည်ဖြစ်၍ နေ၏၊ အနည်းငယ်မျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်၏၊ အဘယ့်ကြောင့် အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း။

ငါသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်,သဒ္ဒါနှင့် ပြည့်စုံ၍ အလုံးစုံ ပြည့်စုံ စင်ကြယ်သော မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော တရားတို့ကို များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်နှလုံးဖြင့် ဆင်ခြင်ထား၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍သိ၏၊ အဘယ့်ကြောင့် အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း။

ငါသည် သတိပဋ္ဌာန်တရားလေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိ၏၊ အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း။

ငါသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သောလုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်း ရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို့ပစ်ချထားခြင်း မရှိ၊ အဘယ့်ကြောင့် အာသဝေါတရားတို့၏ကုန်ခြင်းကို ငါမတောင့်တဘဲ နေရအံ့နည်း။

ငါသည် ပညာရှိ၏၊ ဖြစ်မှုပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန် ခန်းရာ (နိဗ္ဗာန်) သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏၊ အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း”ဟု အကြံဖြစ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကိုတောင့်တ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။