သံယုတ္တနိကာယ်—၁၂
၃—ဒသဗလဝဂ်
၉—သမဏဗြာဟ္မဏသုတ်
၂၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌။ပ။ ရဟန်းတို့ အကြင်သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကို မသိကုန်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ချုပ်ရာကို မသိကုန်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ပဋိသန္ဓေနေမှု ‘ဇာတိ’ ကို မသိကုန်။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကို။ တပ်မက်မှု ‘တဏှာ’ကို။ ခံစားမှု ‘ဝေဒနာ’ကို။ တွေ့ထိမှု ‘ဖဿ’ကို။ တည်ရာ ‘အာယတန’ ခြောက်ပါး့ (သဠာယတန) ကို။ နာမ်ရုပ်ကို။ သိမှု ‘ဝိညာဏ်’ကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ဖြစ်ကြောင်းကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ရာ ‘နိဗ္ဗာန်’သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ရဟန်းတို့ ထို သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ မသမုတ်အပ် ကုန်၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏအဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ မနေရကုန်။
ရဟန်းတို့ အကြင်သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း ဇရာမရဏကို သိကုန်၏၊ ဇရာမရဏ၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။ ဇာတိကို သိကုန်၏။ပ။ ဘဝကို။ ဥပါဒါန်ကို။ တဏှာကို။ ဝေဒနာကို။ ဖဿကို။ သဠာယတနကို။ နာမ်ရုပ်ကို။ ဝိညာဏ်ကို။ သင်္ခါရတို့ကို၊ သင်္ခါရတို့၏ ဖြစ်ကြောင်းကို၊ သင်္ခါရတို့၏ ချုပ်ရာကို၊ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။ ရဟန်းတို့ ထိုသမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏတို့ဟူ၍ သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏတို့ဟူ၍ သမုတ်အပ်ကုန်၏၊ ထိုအသျှင်တို့သည် သမဏအဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။
နဝမသုတ်။