သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၈—ဘိက္ခုသုတ်

၂၈။ သာဝတ္တိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌။ပ။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကို သိ၏၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ဖြစ်ပေါ်ကြောင်းကို သိ၏၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ချုပ်ရာကို သိ၏၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ပဋိသန္ဒေနေမှု ‘ဇာတိ’ကို သိ၏။ပ။ ဘဝကို သိ၏။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကို သိ၏။ တပ်မက်မှု ‘တဏှာ’ကို သိ၏။ ခံစားမှု ‘ဝေဒနာ’ ကို သိ၏။ တွေ့ထိမှု ‘ဖဿ’ကို သိ၏။ တည်ရာ ‘အာယတန’ခြောက်ပါး (သဠာယတန) ကို သိ၏။ နာမ်ရုပ်ကို သိ၏။ သိမှု ‘ဝိညာဏ်’ကို သိ၏။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို သိ၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ဖြစ်ကြောင်းကို သိ၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ် ရာကို သိ၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။

ရဟန်းတို့ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’သည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့အား ထိုထိုဘုံဘဝ၌့အိုခြင်း အိုသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ဆုတ်ယုတ်ခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုခြင်း ‘ဇရာ’ဟူ၍ ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထို ဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင်း သေခြင်း ဘဝအဆုံးကို ပြုခြင်း ခန္ဓာတို့၏ ပျက်ခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရားကို သေခြင်း ‘မရဏ’ဟူ၍ ဆိုအပ်၏။ ဤအိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’သည် ရှိ၏၊ ရဟန်းတို့ ဤတရားကို အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ဟူ၍ ဆိုအပ်၏။ ဇာတိ ဖြစ်ပေါ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊ ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်သည် ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း။ ဤသည်ကား အဘယ်နည်း။ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ ဇာတိဟူသည် အဘယ်နည်း။ပ။ ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဥပါဒါန်ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာဟူသည် အဘယ်နည်း။ ဝေဒနာဟူသည ်။ ဖဿဟူ သည်။ သဠာယတနဟူသည်။ နာမ်ရုပ်ဟူသည်။ ဝိညာဏ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ သင်္ခါရတို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဤသုံးပါးတို့တည်း။ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ နှုတ်ဖြင့် ပြုစီရင်မှု ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တ သင်္ခါရ’တို့တည်း။ ရဟန်းတို့ ဤသည်တို့ကို သင်္ခါရတို့ဟူ၍ ဆိုအပ်ကုန်၏။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ပေါ်ကုန်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရတို့ ချုပ်ကုန်၏၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယာ မဂ်သည်ပင်လျှင် သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း။ ဤသည်ကား အဘယ် နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော တည်ကြည်မှုတည်း။

ရဟန်းတို့ ရဟန်းသည် ဤသို့ ဇရာမရဏကို သိ၏၊ ဤသို့ ဇရာမရဏ ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဤသို့ ဇရာမရဏ၏ ချုပ်ရာကို သိ၏၊ ဤသို့ ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ကို သိ၏၊ ဤသို့ ဇာတိကို သိ၏။ပ။ ဘဝကို။ ဥပါဒါန်ကို။ တဏှာကို။ ဝေဒနာကို။ ဖဿကို။ သဠာ ယတနကို။ နာမ်ရုပ်ကို။ ဝိညာဏ်ကို။ သင်္ခါရတို့ကို။ သင်္ခါရတို့၏ ဖြစ်ကြောင်းကို။ သင်္ခါရတို့၏ ချုပ်ရာကို။ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ရဟန်းတို့ ဤရဟန်းကို ကောင်းသော အယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်း တရားသို့ ရောက်လာသူဟူ၍လည်းကောင်း၊ ဤသူတော်ကောင်းတရားကို ရှုမြင်သူဟူ၍လည်းကောင်း၊ ကျင့်ဆဲ ‘သေက္ခ’ ဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ ကျင့်ဆဲ ‘သေက္ခ’ဝိဇ္ဇာနှင့် ပြည့်စုံသူဟူလည်းကောင်း၊ တရားအယဉ်သို့ ရောက်သူဟူ၍လည်းကောင်း၊ (ကိလေသာကို) ဖောက်ခွဲနိုင်သော အရိယာပညာရှိဟူ၍လည်းကောင်း၊ အမြိုက် (နိဗ္ဗာန်၏) တံခါးသို့ ရောက်၍ တည်သူဟူ၍လည်းကောင်း ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။