သံယုတ္တနိကာယ်—၁၇

၁—ပဌမဝဂ်

၉—ဝေရမ္ဘသုတ်

၁၆၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ အထက်ကောင်းကင်၌ ဝေရမ္ဘမည်သော လေတို့သည် တိုက်ကုန်၏၊ ထိုအရပ်သို့ သွားသော ငှက်ကို ဝေရမ္ဘလေတို့သည် ပစ်ချကုန်၏ ‘ပစ်လွှင့်ကုန်၏’။ ထိုအရပ်၌ ဝေရမ္ဘ လေတို့သည် ပစ်ချအပ် ‘ပစ်လွှင့်အပ်’သော ထိုငှက်၏ ခြေတို့သည် တခြားသို့ ရောက်သွားကုန်၏၊ အတောင်တို့သည် တခြားသို့ ရောက်သွားကုန်၏၊ ဦးခေါင်းသည် တခြားသို့ ရောက်သွား၏၊ ကိုယ်သည် တခြားသို့ ရောက်သွား၏၊ ဝေရမ္ဘလေတို့ ပစ်ချသဖြင့် ‘ပစ်လွှင့်သဖြင့်’ ထိုငှက်တို့၏ ခြေထောက်တခြား အတောင်တခြား ဦးခေါင်းတခြား ကိုယ်တခြား ရောက်သွားသကဲ့သို့—

ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်ရကား နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ မစောင့်စည်းအပ်သော ကိုယ်နှုတ်စိတ်ဖြင့်သာလျှင် မထင်သော သတိ, မစောင့်စည်းအပ်သော ဣန္ဒြေတို့ဖြင့် ဆွမ်းအလို့ငှါ ဝင်၏။ ထိုရဟန်း သည် ထိုရွာ၌ မလုံမလဲ ဝတ်ရုံသော မာတုဂါမကို မြင်၍ ထိုရဟန်း၏ စိတ်ကို စွဲမက်ခြင်း ‘ရာဂ’ သည် နှိပ်စက်ဖျက်ဆီးအပ်၏၊ ထိုရဟန်းသည် စွဲမက်ခြင်း ‘ရာဂ’ နှိပ်စက်ဖျက်ဆီးအပ်သော စိတ်ဖြင့် သိက္ခာကို စွန့်၍ လူထွက်၏၊ “ဝေရမ္ဘလေတို့ ပစ်ချအပ်သော ငှက်ကဲ့သို့” တစ်ပါးသော သူတို့သည် ထိုရဟန်း၏ သင်္ကန်းကို ဆောင်ကုန်၏၊ တစ်ပါးသော သူတို့က သပိတ်ကို တစ်ပါးသော သူတို့က နိသီဒိုင်ကို တစ်ပါး သော သူတို့က အပ်ကျည်ကို ဆောင်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစော သည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

နဝမသုတ်