သံယုတ္တနိကာယ်—၁၇

၁—ပဌမဝဂ်

၈—သိင်္ဂါလသုတ်

၁၆၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ညဉ့်၏ မိုးသောက်ချိန်၌ ညည်းညူသော မြေခွေးအို၏ အသံကို ကြားဖူးကြကုန်၏လော၊ အသျှင်ဘုရား ကြားဖူးပါကုန်၏။ ရဟန်းတို့ ထိုမြေခွေးအိုသည် ဥက္ကဏ္ဍကအမည် ရှိသော ဝဲနာရောဂါဖြင့် တွေ့ထိအပ်သည်ဖြစ်၍ တွင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်းရင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင်သို့ ရောက်သော်လည်း့မမွေ့လျော်၊ သွားလေရာရာ ရပ်လေ ရာရာ ထိုင်လေရာရာ အိပ်လေရာရာ အရပ်တိုင်း၌ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်ရ၏။

ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်ရကား ဆိတ်ငြိမ်ရာအရပ်သို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်းရင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင်သို့ ရောက်သော်လည်း မမွေ့လျော်၊ သွားလေရာရာ ရပ်လေရာရာ ထိုင်လေရာရာ အိပ်လေရာရာ အရပ်တိုင်း၌ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ရ၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

အဋ္ဌမသုတ်