သံယုတ္တနိကာယ်—၃၅
(၁၁) ၁—ယောဂက္ခေမိဝဂ်
၁ဝ—ဥပဿုတိသုတ်
၁၁၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူလျက် ဤတရားကို ရွတ်ဆိုတော်မူ၏—
“မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိအဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသောကြောင်းကြောင့် ခံစားမှု’ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု’တဏှာ’ ဖြစ်ပေါ်လာ၏၊ တပ်မက်မှု ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါ ယာသ’ တို့ ဖြစ်ပေါ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစုသည်ဖြစ်ပေါ်၏။ပ။
လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့်ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ဖြစ်ပေါ်လာ၏၊ တပ်မက်မှု ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန် ‘ ဖြစ်၏၊ စွဲလမ်းမှု ‘ဥပါဒါန် ‘ ဟူသော အကြောင်း ကြောင့် ဘဝ ဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ် ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ ဖြစ်ပေါ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစုသည်ဖြစ်ပေါ်၏။
မျက်စိကိုလည်းကောင်း၊ အဆင်းတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ် ဖြစ်ပေါ်လာ၏။ (မျက်စိအဆင်း စက္ခုဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။ တပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု’ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု’ဇာတိ’ ချုပ်၏၊ ပဋိသန္ဓေနေမှု ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုမှု ‘ဇရာ’၊ သေမှု’မရဏ’၊ စိုးရိမ်မှု’သောက’၊ ့ငိုကြွေးမှု ‘ပရိဒေဝ’၊ကိုယ်ဆင်းရဲမှု ‘ဒုက္ခ’၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’ တို့ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏။ပ။
လျှာကိုလည်းကောင်း၊ အရသာတို့ကိုလည်းကောင်း စွဲ၍ ။ပ။ စိတ်ကိုလည်းကောင်း၊ သဘောတရားတို့ကိုလည်းကောင်း စွဲ၍ မနောဝိညာဏ် ဖြစ်ပေါ်လာ၏။ (စိတ် သဘောတရား မနောဝိညာဏ်) သုံးမျိုးတို့၏ ပေါင်းဆုံမှုကြောင့် တွေ့ထိမှု ‘ဖဿ’ ဖြစ်၏၊ တွေ့ထိမှု ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားမှု’ဝေဒနာ’ ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပေါ်လာ၏။
တပ် မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့်။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ “ဟု ရွတ်ဆို၏။
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရား၏ အသံတော်ကို ကြားနိုင်လောက်ရာ၌ ရပ်လျက်ရှိ၏၊ မြတ်စွာဘုရားသည် အသံကြားလောက်ရာ၌ ရပ်နေသော ထိုရဟန်းကို မြင်တော်မူ၍ ထိုရဟန်းအား”ရဟန်း သင်သည် ဤတရားဒေသနာကို ကြားလိုက်ရ၏လော “ဟု (မိန့်တော်မူ၏)။ ကြားလိုက်ရပါ၏အသျှင်ဘုရား။ ရဟန်း သင်သည် ဤတရားဒေသနာကို သင်ယူလေလော့။ ရဟန်း သင်သည် ဤတရားဒေသနာကို အထပ်ထပ် လေ့လာလော့၊ ရဟန်း သင်သည် ဤတရားဒေသနာကို ဆောင်လေလော့၊ ရဟန်း ဤတရားဒေသနာကား အကျိုးစီးပွားနှင့်စ ပ်လျက် အကျင့်မြတ်၏ အဦးအစ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှေးဦးစွာသော ယောဂက္ခေမိဝဂ် ပြီး၏။