သံယုတ္တနိကာယ်—၃၅

(၁၄) ၄—ဒေဝဒဟဝဂ်

၇—အဇ္ဈတ္တ အနိစ္စဟေတုသုတ်

၁၄ဝ။ ရဟန်းတို့ မျက်စိသည် မမြဲ၊ မျက်စိ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ ရဟန်းတို့ မမြဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ့်လာသော မျက်စိသည် အဘယ်မှာ မြဲလိမ့်မည်နည်း။ပ။ လျှာသည် မမြဲ၊ လျှာ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ ရဟန်းတို့ မမြဲသော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော လျှာသည် အဘယ်မှာ မြဲလိမ့်မည်နည်း။ပ။ စိတ်သည် မမြဲ၊ စိတ် ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း မမြဲ။ ရဟန်းတို့ မမြဲသောအကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော စိတ်သည် အဘယ်မှာ မြဲလိမ့်မည်နည်း။

ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက် ပြီ”ဟု အသိဉာဏ် ဖြစ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။