သုတ္တနိပါတ်ပါဠိတော်

၁၂-မုနိသုတ်

၂ဝ၉။ တဏှာ ဒိဋ္ဌိဟူသော ပေါင်းသင်းဆက်ဆံမှုကြောင့် ကိလေသာဘေး ဖြစ်ရ၏။ အာရုံခြောက်ပါးတည်းဟူသော အိမ်မှ ကိလေသာမြူ ဖြစ်ရ၏။ ကိလေသာ အိမ်မရှိသော ပေါင်းသင်းဆက်ဆံမှုမရှိသော ဤနိဗ္ဗာန်ကို ဘုရားတည်းဟူသော မုနိသည် မြင်နိုင်စွမ်း ပေစွတကား။ (၁)

၂၁ဝ။ အကြင်မြတ်စွာဘုရားသည် ဖြစ်ခဲ့ဖူးသော ကိလေသာကို အကြွင်းမဲ့ ပယ်ဖြတ်ပြီး၍နောင်ဖြစ်ပေါ်လာမည့် ကိလေသာကိုလည်း မစိုက်မပျိုးတော့ပေ၊ ကိလေသာ ဖြစ်ပေါ်လာမည့်အကြောင်းကိုလည်း မဝင်ရောက်စေ၊ ထိုမြတ်စွာဘုရားကို မုနိတို့တွင် ကိလေသာအဖော်မမှီးတစ်ပါးတည်း လှည့်လည်ကြွသွားတတ်သော မုနိဟူ၍ ဆိုကြကုန်၏။ သီလဂုဏ်ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် ငြိမ်းအေးသော နိဗ္ဗာန်ကို မြင်တော်မူပြီ။ (၂)

၂၁၁။ အကြင်မြတ်စွာဘုရားသည် ကိလေသာ၏တည်ရာ ခန္ဓာစသော မြေရာတို့ကို ဉာဏ်ဖြင့်ဆင်ခြင်ပိုင်းခြား၍ အဘိသင်္ခါရဝိညာဉ်ဟူသော မျိုးစေ့ကို ဖျက်ဆီး ပြီးလျှင် တဏှာဒိဋ္ဌိဟူသော အစေးကို ထိုမျိုးစေ့သို့ မသက်ဝင်စေ၊ ဇာတိကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည်အကုသလဝိတက်ကို ပယ်ပြီး၍ (သတ္တဝါဟူသော) ခေါ်ဝေါ်ခြင်းသို့ မရောက်နိုင်တော့ပေ။ (၃)

၂၁၂။ အကြင်မြတ်စွာဘုရားသည် ကာမဘဝစသောနေရာအိမ်အားလုံးတို့ကို သိသောကြောင့် ထိုနေရာအိမ်တို့တွင် တစ်ပါးပါးသော အိမ်ကိုမျှလည်း မတောင့်တ၊ ထိုမြတ်စွာဘုရား တည်းဟူသော မုနိသည် မက်မောမှု တဏှာကင်းသည် တပ်မက်မှု မရှိသည်ဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးဖြစ်ရကား ကုသိုလ်အကုသိုလ်ကံကို အားမထုတ်တော့ပေ။ (၄)

၂၁၃။ ခန္ဓာစသောတရားအားလုံးကို နှိမ်နင်းပြီးသောတရားအားလုံးကို သိပြီးသော ကောင်းသော ပညာရှိသော ခန္ဓာစသောတရားအားလုံးတို့၌ တဏှာဒိဋ္ဌိအားဖြင့် မလိမ်းကျံသော ခန္ဓာစသောတရားအားလုံးကို စွန့်ပယ်ပြီးသောတဏှာကုန်ရာ နိဗ္ဗာန်၌ ညွတ်သော ထိုပုဂ္ဂိုလ်ကိုလည်းပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၅)

၂၁၄။ ပညာတည်းဟူသောအားရှိသော သီလအကျင့်နှင့် ပြည့်စုံသော ကောင်း စွာ တည်ကြည်သော ဈာန်၌ မွေ့လျော်သော သတိရှိကာ ကပ်ငြိမှု 'ရာဂ'မှ လွတ်သော ငါးပါးသော ငြောင့်တံသင်းမရှိသော အာသဝေါမရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၆)

၂၁၅။ တစ်ပါးတည်း လှည့်လည်သွားလာသော မောနေယျအကျင့်နှင့် ပြည့်စုံသော မမေ့မလျော့သော ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့် တုန်လှုပ်မှုမရှိသော အသံတို့ကြောင့် မထိတ်လန့်သော ခြငေ်္သ့မင်းကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ် လန့်သော ပိုက်ကွန်၌ မကပ်ငြိသော လေကဲ့သို့ ခန္ဓာစသည်တို့၌ မကပ်ငြိသော ရေဖြင့် မလိမ်းကျံမကပ်ငြိသော ကြာကဲ့သို့လောကဖြင့် မလိမ်းကျံ မကပ်ငြိသောသူတစ်ပါးတို့ကို အရိယမဂ်ဖြင့် ဆောင်တတ်သော မိမိကို မူ သူတစ်ပါးက မဆောင်အပ်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၇)

၂၁၆။ အကြင်သူသည် သူတစ်ပါးတို့ ပြောဆိုသော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း စသော စကားကြောင့် ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်း မဖြစ်မူ၍ ရေချိုးဆိပ်၌ ကြေးပွတ်တိုင်ကဲ့သို့ ဖြစ်၏။ ထိုသို့ သဘောရှိသောတပ်စွန်းမှု 'ရာဂ' ကင်းသော ကောင်းစွာ ထားအပ်သော ဣန္ဒြေရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၈)

၂၁၇။ အကြင်ပုဂ္ဂိုလ်သည် စင်စစ် တည်ကြည်သော စိတ်ရှိ၏။ ယက်ဖောက်ကဲ့သို့ ဖြောင့်၏။ ယုတ်မာသော အကုသိုလ်ကံတို့ကို စက်ဆုပ်၏။ မညီညွတ်မှု (ကာယဝိသမ စသည်) ကိုလည်းကောင်း၊ ညီညွတ်မှု (ကာယသမစသည်) ကိုလည်းကောင်း စုံစမ်းဆင်ခြင် တတ်၏။ ထိုပုဂ္ဂိုလ်ကိုလည်းပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၉)

၂၁၈။ အကြင်ပုဂ္ဂိုလ်သည် ကမ္မဒွါရတို့၌ စိတ်ကို ကောင်းစွာ စောင့်စည်း၏။ စောင့်စည်းသော စိတ်ရှိသည် ဖြစ်ရကား ပဌမအရွယ်၌ တည်သည်ဖြစ်၍လည်းကောင်း၊ မဇ္ဈိမအရွယ်၌ တည်သည်ဖြစ်၍လည်းကောင်း မကောင်းမှုကို မပြု၊ ထိုု ရဟန္တာမုနိကို ကိုယ်နှုတ်တို့ဖြင့်ထိပါးခြုတ်ခြယ်ခြင်းငှါ မထိုက်၊ ထိုမုနိသည်လည်း တစ်စုံတစ်ယောက်ကိုမျှ မထိပါးမခြုတ်ခြယ်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁ဝ)

၂၁၉။ စားဦးစားဖျားမှသော်လည်းကောင်း၊ (စားနေဆဲတစ်ဝက်တစ်ပျက်) အလယ်မှသော်လည်းကောင်း၊ (စားပြီး) အကြွင်းအကျန်မှသော်လည်းကောင်း ဆွမ်းကို ရခဲ့မူ သူတစ်ပါးတို့ ပေးသည်ကိုမှီ၍အသက်မွေးရသူ ရဟန်းသည် အဦး အဖျားရသဖြင့်လည်း ချီးမွမ်းရန် မထိုက်၊ အကြွင်းအကျန်ရသဖြင့်လည်း ဆန့်ကျင် ဘက်စကား ပြောရန်မထိုက်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၁)

၂၂ဝ။ အကြင်သူသည် ပျိုမျစ်နုနယ် ငယ်ရွယ်စဉ် အချို့သော မိန်းမအဆင်း၌ မေထုန ရာဂဖြင့် မကပ်ငြိမဖွဲ့ယှက်၊ မောနေယျအကျင့်နှင့် ပြည့်စုံလျက် လှည့် လည်နေသော မေထုန်အကျင့်မှလည်း ကင်းလွတ်၍မာန်ယစ်ခြင်း မေ့လျော့ခြင်းမှလည်း ကင်းလွတ်သော ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၂)

၂၂၁။ ခန္ဓာစသော လောကကို ပိုင်းခြားသိ၍ မြတ်သော နိဗ္ဗာန်ပရမတ္ထသစ္စာကို မြင်ပြီးသော သြဃလေးပါးနှင့် ခန္ဓာအာယတနစသော သမုဒ္ဒရာကို ကူးမြောက်ပြီး၍ တာဒိလက္ခဏာသို့ ရောက်ပြီးသော ထိုသို့ သဘောရှိသော ထုံးဖွဲ့မှု 'ဂန္တ'ကို ဖြတ် ပြီးသော (တဏှာဒိဋ္ဌိကို) မမှီသော အာသဝေါကင်းသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာ ရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၃)

၂၂၂။ ရဟန်းနှင့်လူ နှစ်ယောက်သူတို့သည် မတူညီကြကုန်၊ ဝေးသောနေရာ သေးငယ်သော အသက်မွေးမှု ရှိကုန်၏။ လူသည်သားမယားကို လုပ်ကျွေး၏။ (ရဟန်းသည် ) မက်မောခြင်းလည်းကင်း၍ အကျင့်လည်းကောင်း၏။ လူသည် တစ်ပါးသော သတ္တဝါတို့ကို သတ်ဖြတ်မှုမှ မစောင့်စည်း၊ ရဟန်းသည် အမြဲ စောင့်စည်းသည်ဖြစ်၍ သတ္တဝါတို့ကို စောင့်ရှောက်၏။ (၁၄)

၂၂၃။ ဦးစွန်းရှိသော စိမ်းညိုသော လည်ရှိသော ဥဒေါင်းငှက်သည် ဟင်္သာ၏ လျင်မြန်ခြင်းကို တစ်ရံတစ်ခါမျှ မမီနိုင်သကဲ့သို့ ဤအတူ လူသည် မုနိဟု ဆိုအပ်သော ကိလေသာမှ ကင်းဆိတ်၍တော၌ ဈာန်ဝင်စားလေ့ရှိသော ရဟန်း၏ လျင် မြန်ခြင်းကို အတုလိုက်၍ မပြုနိုင်ဟု (မိန့်တော်မူ၏)။ (၁၅)

တစ်ဆယ့်နှစ်ခုမြောက် မုနိသုတ် ပြီး၏။

ရှေးဦးစွာသော ဥရဂဝဂ် ပြီး၏။