အင်္ဂုတ္တရနိကာယ်
၅-ဓမ္မိကဝဂ်
၁-နာဂသုတ်
၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်းစားပြီး နောက်ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် အသျှင်အာနန္ဒာကို “အာနန္ဒာ လာသွားကြကုန်စို့၊ ပုဗ္ဗာရုံကျောင်းတိုက်မိဂါရမာတာ’ဝိသာခါ’ ၏ ပြာသာဒ်ကျောင်းသို့ နေ့သန့်စင်ရန် ချဉ်းကပ်ကြကုန်အံ့”ဟု မိန့်တော်မူ၏။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာနှင့်အတူ ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ ‘ဝိသာခါ’ ၏ပြာသာဒ်ကျောင်းသို့ ချဉ်းကပ်တော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူလျက် အသျှင်အာနန္ဒာကို “အာနန္ဒာ လာသွားကြကုန်စို့၊ အရှေ့ရေချိုးဆိပ်သို့ ကိုယ်ခန္ဓာတို့ကိုရေသုံးသပ်ရန် ချဉ်းကပ်ကြကုန်အံ့”ဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာနှင့်အတူ ကိုယ်ခန္ဓာတို့ကို ရေသုံးသပ်ရန် အရှေ့ရေချိုးဆိပ်သို့ ချဉ်းကပ်တော်မူ၏၊ အရှေ့ရေချိုးဆိပ်၌ ကိုယ်ခန္ဓာတို့ကို ရေသုံးသပ်ပြီးလျှင် တစ်ဖန်တက်၍ကိုယ်တို့ကို ရှေးအတိုင်းဖြစ်စေ (ခြောက်သွေ့စေ) လျက် တစ်ထည်သော သင်္ကန်းရှိသည်ဖြစ်၍ ရပ်တော်မူ၏။
ထိုအခါ ပသေနဒိကောသလမင်း၏ သေတမည်သော ဆင်တော်သည် ကြီးစွာသော တူရိယာမျိုးတီးမှုတ်ခြင်းဖြင့် အရှေ့ရေချိုးဆိပ်မှ တက်၏၊ လူအပေါင်းသည် ထိုဆင်ဖြူတော်ကို မြင်၍ ဤသို့ ဆိုကြကုန်၏ —
“အချင်းတို့ မင်း၏ ဆင်တော်သည် အလွန် အဆင်းလှပေစွတကား၊ အချင်းတို့ မင်း၏ ဆင်တော်သည် ရှုချင်စဖွယ်ရှိပေစွတကား၊ အချင်းတို့ မင်း၏ ဆင်တော်သည် (စိတ်) ကြည်လင်ဖွယ် ရှိပေစွတကား၊ အချင်းတို့ မင်း၏ ဆင်တော်သည် ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံပေစွတကား”ဟု (ဆိုကြကုန်၏)။
ဤသို့ဆိုကုန်သော် အသျှင်ကာဠုဒါယီသည် မြတ်စွာဘုရားအား —
“အသျှင်ဘုရား မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော ဆင်ကိုသာလျှင် လူအပေါင်းသည် တွေ့မြင်၍ ‘အချင်းတို့ နာဂပေတကား နာဂပေတကား’ဟု ဆိုလေသလော။
သို့မဟုတ် မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော တစ်စုံတစ်ရာ အခြားသူကိုလည်း လူအပေါင်းသည် တွေ့မြင်၍ ‘အချင်းတို့ နာဂပေတကား နာဂပေတကား’ဟုဆိုလေသလော”ဟူ၍ လျှောက်၏။
ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော ဆင်ကိုလည်း လူအပေါင်းသည်တွေ့မြင်၍ “အချင်းတို့ နာဂပေတကား နာဂပေတကား”ဟု ဆိုကုန်၏။
ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော မြင်းကိုလည်း။ပ။
ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော နွားကိုလည်း။ပ။
ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော မြွေကိုလည်း။ပ။
ဥဒါယီ မြင့်မားကြီးထွား၍ ပင်စည်လုံးပတ် တင့်တယ်ခြင်းနှင့် ပြည့်စုံသော သစ်ပင်ကိုလည်း။ပ။
ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော လူကိုလည်း လူအပေါင်းသည်တွေ့မြင်၍ “အချင်းတို့ နာဂပေတကား နာဂပေတကား”ဟု ဆို၏။
ဥဒါယီ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ့မင်းများ လူများနှင့် တကွသော လူလောက၌ ကိုယ်နှုတ်စိတ်ဖြင့် မကောင်းမှု မပြုသောသူကို ‘နာဂ’ဟူ၍ငါဆို၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အံဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဥဒါယီ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ ကိုယ်နှုတ်စိတ်ဖြင့် မကောင်းမှု မပြုသောသူကို’နာဂ’ဟူ၍ ငါဆို၏ဟူသော ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။
အသျှင်ဘုရား မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားအပ်သော ဤစကားကို ဤဂါထာတို့ဖြင့်အကျွန်ုပ်သည် ကောင်းချီးခေါ်ပါ၏ —“ကိုယ်တော်တိုင် ယဉ်ကျေးတော်မူ၍ တည်ကြည်သော စိတ်ရှိတော်မူသော၊ (အရိယ မဂ်တည်းဟူသော) မြတ်သော လမ်းခရီး၌ ကြွသွားတော်မူသော၊ စိတ်၏ ငြိမ်သက်ရာ (စတုတ္ထဈာန်)၌ မွေ့လျော်တော်မူသော၊ တရားအားလုံးတို့၏ ကမ်း တစ်ဖက်သို့ ရောက်တော်မူသော၊ လူသားစင်စစ်ဖြစ်တော်မူသော အကြင် မြတ်စွာဘုရားကို လူတို့သည် ရှိခိုးကြပါကုန်၏။ အလုံးစုံသော သံယောဇဉ်နှောင်ကြိုးတို့ကို လွန်မြောက်တော်မူသော၊ (ကိလေသာ) တောမှ (ကိလေသာ) တောမရှိရာသို့ ရောက်တော်မူသော၊ ကာမ ဂုဏ်တို့မှ ထွက်မြောက်မှု၌ မွေ့လျော်တော်မူသော၊ ကျောက်ဓာတ် (အညစ် အကြေး) မှ ကင်းလွတ်သော ရွှေစင်နှင့် တူသောထိုမြတ်စွာဘုရားကို နတ်တို့သည်လည်း ရှိခိုးကြပါကုန်၏ဟု ဤသို့သော စကားကို ပူဇော်အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရား (အထံတော်) မှ အကျွန်ုပ် ကြားနာရပါ၏။ ဟိမဝန္တာတောင်သည် တစ်ပါးသော တောင်တို့ကို (လွန်ကဲတင့်တယ်ဘိသကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည်) အလုံးစုံသော သူတို့ကို လွန်၍ တင့်တယ်သော နာဂဖြစ်တော်မူပါ၏၊ နာဂအမည်ရသူ အားလုံးတို့တွင် အတုမရှိသော မြတ်စွာဘုရားသည် (နာဂ) အမည်မှန်ရသူ ဖြစ်ပါ၏။ အသျှင်ဘုရားတို့၏ နာဂအ မည်တော် ဖြစ်ကြောင်းကို အကျွန်ုပ် လျှောက်ကြား ပါအံ့၊ အကြောင်းမူကားထိုမြတ်စွာဘုရားသည် မကောင်းမှု အကုသိုလ်ကို ပြုတော် မမူပါ၊ စင်ကြယ်သောသီလတော်သည်လည်းကောင်း၊ မညှဉ်းဆဲမှု ‘အဝိဟိံသ တရား’သည်လည်းကောင်း ဤတရားနှစ်ပါးတို့သည်ဆင်မင်းသဖွယ်ဖြစ်တော်မူ သော အသျှင်၏ ရှေ့ခြေတော် နှစ်ဖက် ဖြစ်ပါကုန်၏။ ထို့ပြင် ခြိုးခြံသော အကျင့်နှင့် (အရိယမဂ်ဟုဆိုအပ်သော) မြတ်သော အကျင့်တို့ သည်ဆင်မင်းသဖွယ်ဖြစ်တော်မူသော အသျှင်ဘုရား၏ နောက်ခြေတော် နှစ်ဖက် ဖြစ်ပါကုန်၏။ မြတ်သော ဆင်မင်းသဖွယ်ဖြစ်တော်မူသော အသျှင်ဘုရားသည် သဒ္ဓါတရားတည်းဟူသောနှာမောင်းရှိတော်မူပါ၏၊ ဆဠင်္ဂုပေက္ခာတည်းဟူသော ဖြူသော အစွယ်တော်လည်း ရှိတော်မူပါ၏၊ သတိတည်းဟူသော လည်ပင်းလည်း ရှိတော်မူပါ၏၊ သဗ္ဗညုတဉာဏ်တော်တည်းဟူသောဦးခေါင်းတော်လည်း ရှိတော်မူပါ၏၊ တရား (အဖို့အစု) ကို ကြံစည်တတ်သော ဉာဏ်တော်သည်နှာမောင်းဖျား ဖြစ်တော်မူပါ၏၊ (စတုတ္ထဈာန်သမာဓိ) တရားတည်းဟူသော ဝမ်းဗိုက်လည်းရှိတော်မူပါ၏၊ ဝိဝေကသုံးပါးသည် ထိုမြတ်စွာဘုရားတည်းဟူသော ဆင်မင်း၏ မြီးဆံဖြစ်ပါ၏။ ထိုမြတ်စွာဘုရားသည် ဈာန်ဝင်စားတော်မူ၏၊ ထွက်သက်ဝင်သက် (ဖလ သမာပတ်)၌ မွေ့လျော်တော်မူ၏၊ အတွင်းသန္တာန်၌ ကောင်းစွာ ထားသော စိတ်ရှိ တော်မူ၏၊ ကြွသွားတော်မူသောဘုရားဆင်မင်းသည် ကောင်းစွာ တည်ကြည် တော်မူ၏၊ ရပ်တော်မူသော ဘုရားဆင်မင်းသည် ကောင်းစွာတည်ကြည်တော်မူ၏။ ကျိန်းစက်တော်မူသော ဘုရားဆင်မင်းသည် ကောင်းစွာ တည်ကြည်တော်မူ၏၊ ထိုင်နေတော်မူသောဘုရားဆင်မင်းသည် ကောင်းစွာ တည်ကြည်တော်မူ၏၊ ဘုရား ဆင်မင်းသည် (စက္ခုဒွါရစသော) ့အလုံးစုံတို့၌ ကောင်းစွာစောင့်ရှောက်တော်မူ ပါပေ၏၊ ဤသည်ကား နာဂဟုခေါ်တွင်ခြင်း၏ပြည့်စုံမှုပင်တည်း။ (နာဂအမည်ရှိတော်မူသော မြတ်စွာဘုရားသည်) အပြစ်မရှိသော ပစ္စည်းလေးပါး တို့ကိုသုံးဆောင်တော်မူ၏၊ အပြစ်ရှိသော ပစ္စည်းလေးပါးတို့ကို သုံးဆောင်တော် မမူ၊ အစားအဝတ်ကိုရပါသော်လည်း သိုမှီးခြင်းမှ ရှောင်ကြဉ်တော်မူ၏။ ငယ်ငယ်ကြီးကြီးဖြစ်သည့် သံယောဇဉ် အနှောင်အဖွဲ့အားလုံးကို ဖြတ်၍ သွားလို ရာရာအရပ်မျက်နှာတိုင်း မငဲ့မကွက်မူ၍သာလျှင် ကြွသွားတော်မူ၏။ ကောင်းသော အနံ့ရှိသော စိတ်နှလုံးကို မွေ့လျော်စေတတ်သော ရေ၌ ပေါက်ရောက်သောကြာပုဏ္ဍရိက်သည် ရေ၌ ကြီးပွါး၍ ရေဖြင့် မလိမ်းကျံသကဲ့သို့၊ ထို့အတူ လောက၌ ကောင်းစွာဖြစ်တော်မူသော မြတ်စွာဘုရားသည် လောက၌ နေတော်မူ၏၊ ပဒုမ္မာကြာသည် ရေနှင့်မလိမ်းကျံသကဲ့သို့ ထို့အတူ လောကနှင့် ကား မလိမ်းကျံ မကပ်ငြိပေ။ အလျှံတပြောင်ပြောင် တောက်လောင်သော ကြီးမားသော မီးသည် လောင်စာ မရှိ ခဲ့သော်အေးငြိမ်းရလေသကဲ့သို့ သင်္ခါရတို့ ချုပ်ငြိမ်းကြသည်ရှိသော် ငြိမ်းအေးပြီးဟူ၍ ဆိုအပ်၏။ အနက်ကို သိစေတတ်သော ဤ ဥပမာကို ပညာရှိပုဂ္ဂိုလ်တို့ ဟောကြားအပ်၏၊ ဆင်ပြောင်သဖွယ်ဖြစ်သော ကာဠုဒါယီသည် ဟောကြားအပ်သော ဘုရားတည်းဟူသော ဆင်မင်းကိုဆင်ပြောင်သဖွယ် ဖြစ်ကြကုန်သော ရဟန္တာပုဂ္ဂိုလ်မြတ်တို့ သည် သိတော်မူကြကုန်လတ္တံ့။ စွဲမက်မှု ‘ရာဂ’ အမျက်ထွက်မှု ‘ဒေါသ’ တွေဝေမှု ‘မောဟ’ ကင်းတော်မှုသော အာသဝေါတရားမရှိသောနာဂအ မည်တော်ရသော မြတ်စွာဘုရားသည် ကိုယ်တော် ကို စွန့်ပြီးလျှင် အာသဝေါကင်းသည်ဖြစ်၍ပရိနိဗ္ဗာန်ပြုတော်မူရလတ္တံ့သတည်း”ဟု (ကောင်းချီးခေါ်လေ၏)။
ပဌမသုတ်။