သံယုတ္တနိကာယ်—၁၂

၇—မဟာဝဂ်

၃—ပုတ္တမံသူပမသုတ်

၆၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့ တည်ခြင်းငှါလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အား ချီးမြှောက် (ထောက်ပံ့)ခြင်းငှါလည်းကောင်း ဖြစ်ကုန်သော ဆောင်တတ်သော သဘော ‘အာဟာရ’တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကြမ်းတမ်းသည်လည်းဖြစ်စေ, နူးညံ့ သည်လည်းဖြစ်စေ အလုပ်အလွေးကို ပြု၍ မျိုအပ်သော ‘ကဗဠီကာရအာဟာရ’၊ နှစ်ခုမြောက်သော ဖဿာ ဟာရ၊ သုံးခုမြောက်သော မနောသေဉ္စတနာဟာရ၊ လေးခုမြောက်သော ဝိညာဏာဟာရတို့တည်း။ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့ တည်ခြင်းငှါလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အား ချီးမြှောက်ထောက်ပံ့ခြင်းငှါလည်းကောင်း ဖြစ်ကုန်သော ဆောင်တတ်သော သဘော ‘အာဟာရ’တို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ ကဗဠီကာရအာဟာရကို အဘယ်သို့ မှတ်အပ်သနည်း။ ရဟန်းတို့ ဥပမာသော်ကား လင်မယားနှစ်ယောက်တို့သည် အနည်းငယ်သော ရိက္ခာကို ယူ၍ (သွားလာမှုခက်သော) ခရီးခဲသို့ သွား ကုန်ရာ၏၊ ထိုလင်မယားနှစ်ယောက်တို့အား ချစ်ခင်အပ် နှလုံးကို ပွားစေတတ်သော တစ်ယောက်တည်း သော သားငယ်သည်လည်း ရှိရာ၏၊ ရဟန်းတို့ ထိုအခါ ခရီးခဲသို့ သွားကုန်သော ထိုလင်မယား နှစ် ယောက်တို့အား အနည်းငယ်သော စားနပ်ရိက္ခာသည် ကုန်ခြင်းသို့ ရောက်ရာ၏၊ ထိုလင်မယား နှစ် ယောက်တို့အား မကူးမြောက်ကြရသေးသော ဤခရီးခဲသည်လည်း ကြွင်းကျန်သေး၏၊ ရဟန်းတို့ ထိုအခါ ထိုလင်မယားနှစ်ယောက်တို့အား ဤသို့သော အကြံ ဖြစ်၏— “ငါတို့အား အနည်းငယ်မျှသော ရိက္ခာသည်လည်း ကုန်ခန်းပြီ၊ မကူးမြောက်ကြရသေးသော ခရီးခဲသည်လည်း ကြွင်းကျန်သေး၏၊ အကယ်၍ ငါတို့ သည် ချစ်ခင်အပ် နှလုံးကို ပွားစေတတ်သော တစ်ယောက်တည်းသော သားငယ်ကို သတ်၍ အသားညှင်း အသားတုံး ပြုပြီးလျှင် သားငယ်၏ အသားတို့ကို စားကြကုန်လျက် ထိုကြွင်းကျန်သေးသော ခရီးခဲကို ကူးမြောက်ကြရမူကား ကောင်းလေရာ၏၊ သုံးယောက်စလုံး မပျက်စီးပါစေကုန်လင့်”ဟု (အကြံ ဖြစ်၏)၊ ရဟန်းတို့ ထိုအခါ လင်မယားနှစ်ယောက်တို့သည် ချစ်ခင်အပ် နှလုံးကို ပွားစေတတ်သော ထိုတစ်ယောက် တည်းသော သားငယ်ကို သတ်၍ အသားညှင်း အသားတုံး ပြုပြီးလျှင် သားငယ်၏့အသားတို့ကို စားကြ ကုန်လျက် ဤသို့ ကြွင်းကျန်သေးသော ထိုခရီးခဲကို ကူးမြောက်ကုန်ရာ၏၊ ထိုလင်မယား နှစ်ယောက်တို့ သည် သားငယ်၏ အသားတို့ကို စားလည်း စားကုန်၏၊ “တစ်ယောက်တည်းသော သားကလေး အဘယ် မှာနည်း၊ တစ်ယောက်တည်းသော သားကလေး အဘယ်မှာနည်း”ဟု ဆို၍ ရင်တို့ကိုလည်း ထုကုန်ရာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလင်မယားနှစ်ယောက်တို့သည် မြူး တူးခြင်းငှါလည်း အာဟာရကို သုံးဆောင်ကုန်ရာသလော၊ မာန်ယစ်ခြင်းငှါလည်း အာဟာရကို သုံးဆောင် ကုန်ရာသလော၊ တန်ဆာဆင်ခြင်းငှါလည်း အာဟာရကို သုံးဆောင်ကုန်ရာသလော၊ အပြေအပြစ် ပြုခြင်းငှါလည်း အာဟာရကို သုံးဆောင်ကုန်ရာသလောဟု မေးတော်မူ၏၊ အသျှင်ဘုရား ဤသို့ မဟုတ်ပါ။ ရဟန်းတို့ ထိုလင်မယားနှစ်ယောက်တို့သည် ခရီးခဲကို ကူးမြောက်ရုံငှါသာလျှင် အာဟာရကို သုံးဆောင်ကြ ကုန်သည် မဟုတ်လောဟု (မေးတော်မူ၏)၊ အသျှင်ဘုရားဟုတ်ပါ၏။ ရဟန်းတို့ ဤအတူသာလျှင် “ကဗဠီကာရအာဟာရကို မှတ်အပ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။ ရဟန်းတို့ ကဗဠီကာရအာဟာရကို ပိုင်းခြား၍ သိသည်ရှိသော် ကာမဂုဏ်ငါးပါး၌ တပ်မက်မှု ကာမရာဂကို ပိုင်းခြား သိနိုင်၏၊ ကာမဂုဏ် ငါးပါး၌ တပ်မက်မှု ကာမရာဂကို ပိုင်းခြား၍ သိသည်ရှိသော် အရိယာတပည့်သည် အကြင်ကာမဂုဏ်၌ တပ်မက်နှောင်ဖွဲ့မှု ‘ကာမရာဂသံယောဇဉ်’နှင့် ယှဉ်သည်ဖြစ်၍ တစ်ဖန် ဤကာမဘုံလောကသို့ လာရောက်၏၊ ထိုနှောင်ဖွဲ့မှု သံယောဇဉ်သည် မရှိ။

ရဟန်းတို့ ဖဿာဟာရကို အဘယ်သို့ မှတ်အပ်သနည်း။ ရဟန်းတို့ ဥပမာသော်ကား အရေ မရှိ သော နွားမသည် နံရံကို မှီ၍ တည်ငြားအံ့၊ နံရံကို မှီနေကုန်သော သတ္တဝါတို့သည် ထိုနွားမကို ကိုက်ခဲ ကုန်ရာ၏၊ အကယ်၍ သစ်ပင်ကို မှီ၍ တည်ငြားအံ့၊ သစ်ပင်ကို မှီ၍ နေကုန်သော သတ္တဝါတို့သည် ထို နွားမကို ကိုက်ခဲကုန်ရာ၏၊ အကယ်၍ ရေကို မှီ၍ တည်ငြားအံ့၊ ရေကို မှီ၍ နေကုန်သော သတ္တဝါတို့သည် ထိုနွားမကို ကိုက်ခဲကုန်ရာ၏၊ အကယ်၍ လဟာပြင်ကို မှီ၍ တည်ငြားအံ့၊ လဟာပြင်ကို မှီ၍ နေကုန်သော သတ္တဝါတို့သည် ထိုနွားမကို ကိုက်ခဲကုန်ရာ၏၊ ရဟန်းတို့ မည်သည့် အရပ်မဆို တစ်ခုခုသော အရပ်ကို မှီ၍ တည်ငြားအံ့၊ ထိုအရပ်ကို မှီ၍ နေကုန်သော သတ္တဝါတို့သည် ထိုနွားမကို ကိုက်ခဲကုန်ရာ၏၊ ရဟန်းတို့ ဤအတူသာလျှင် “ဖဿာဟာရကို မှတ်အပ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။ ရဟန်းတို့ ဖဿာဟာရကို ပိုင်းခြား၍ သိသည်ရှိသော် ဝေဒနာ သုံးပါးတို့ကို ပိုင်းခြား၍ သိနိုင်၏၊ ဝေဒနာ သုံးပါးတို့ကို ပိုင်းခြား၍ သိသည်ရှိသော် အရိယာတပည့်အား အထက်၌ ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီဟု ငါဘုရား ဟော တော်မူ၏။

ရဟန်းတို့ မနောသေဉ္စတနာဟာရကို အဘယ်သို့ မှတ်အပ်သနည်း။ ရဟန်းတို့ ဥပမာသော်ကား တသူ (လက်ခုပ်တစ်ဖောင်) ကျော်မျှရှိသော မီးကျီးတွင်းသည် အခိုးအလျှံကင်းသော မီးကျီးတို့ဖြင့် ပြည့်ရာ၏၊ ထိုအခါ အသက်ရှည်လိုသော မသေလိုသော ချမ်းသာကို အလိုရှိသော ဆင်းရဲကို စက်ဆုပ်သော ယောကျာ်း သည် လာရာ၏၊ ထိုယောကျာ်းကို အားကြီးကုန်သော ယောကျာ်းနှစ်ယောက်တို့သည် လက်မောင်း အသီးသီးတို့၌ ကိုင်၍ ထိုမီးကျီးတွင်းသို့ ဆွဲငင်ကုန်ရာ၏၊ ရဟန်းတို့ ထိုအခါ ထိုယောကျာ်းအား မီးကျီးစုမှ ဝေးလိုသော စေတနာ ဝေးလိုသော တောင့်တမှု ဝေးလိုသော ဆောက်တည်မှုသည် ဖြစ်ရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ထိုယောကျာ်းအား “ငါသည် အကယ်၍ ဤ မီးကျီးတွင်းသို့ ကျအံ့၊ ထိုမီးကျီးတွင်းသို့ ကျခြင်းကြောင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက် နီးပါး ဆင်းရဲသို့သော်လည်းကောင်း ရောက်လိမ့်မည်”ဟု ဤအကြံသည် ဖြစ်ရာသောကြောင့်တည်း၊ ရဟန်းတို့ ဤအတူသာလျှင် “မနောသေဉ္စတနာဟာရကို မှတ်အပ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။ ရဟန်းတို့ မနောသေဉ္စတနာဟာရကို ပိုင်းခြား၍ သိသည်ရှိသော် တဏှာသုံးပါးတို့ကို ပိုင်းခြား၍ သိနိုင်၏၊ တဏှာသုံးပါးတို့ကို ပိုင်းခြား၍ သိသည်ရှိသော့်အရိယာတပည့်အား အထက်၌ ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီဟု ငါဘုရား ဟောတော်မူ၏။

ရဟန်းတို့ ဝိညာဏာဟာရကို အဘယ်သို့ မှတ်အပ်သနည်း။ ရဟန်းတို့ ဥပမာသော်ကား ယုတ်ညံ့ သော အကျင့်ရှိသော သူခိုးကို ဖမ်း၍ “အရှင်မင်းကြီး ဤသူသည် ယုတ်ညံ့သော အကျင့်ရှိသော သူခိုးပါ တည်း၊ ဤသူအား အရှင်မင်းကြီး အလိုရှိတိုင်းသော ဒဏ်ကို စီရင်တော်မူပါလော့”ဟု မင်းအား ပြကုန် ရာ၏၊ ထိုမင်းချင်းယောကျာ်းတို့ကို မင်းသည် “မင်းချင်းတို့ သွားကြကုန်လော့၊ ဤယောကျာ်းကို နံနက် အခါ၌ လှံပေါင်းတစ်ရာတို့ဖြင့် ထိုးသတ်ကုန်လော့”ဟု ဆို၏၊ ထိုယောကျာ်းကို နံနက်အခါ၌ လှံပေါင်း တစ်ရာတို့ဖြင့် ထိုးသတ်ကုန်ရာ၏၊ ထိုအခါ မင်းကြီးသည် နေ့လယ်အခါ၌ “မင်းချင်းတို့ ထိုယောကျာ်း သည် အဘယ်သို့ ရှိလေသနည်း”ဟု မေးရာ၏၊ မင်းမြတ် ထိုအတိုင်းပင်လျှင် အသက်ရှင်လျက် နေပါ၏ဟု လျှောက်ကုန်၏၊ ထိုမင်းချင်းယောကျာ်းတို့ကို မင်းသည် “မင်းချင်းတို့ သွားကြကုန်၊ ထိုယောကျာ်းကို နေ့လယ်အခါ၌ လှံပေါင်းတစ်ရာတို့ဖြင့် ထိုးသတ်ကြကုန်ဦးလော့”ဟု ဆိုရာ၏၊ ထိုယောကျာ်းကို နေ့လယ် အခါ၌ လှံပေါင်းတစ်ရာတို့ဖြင့် ထိုးသတ်ကုန်ရာ၏၊ ထို့နောက် မင်းသည် ညချမ်းအခါ၌ “မင်းချင်းတို့ ထိုယောကျာ်းသည် အဘယ်သို့ ရှိလေသနည်း”ဟု မေးရာ၏၊ မင်းမြတ် ထိုအတိုင်းပင်လျှင် အသက်ရှင် လျက် နေပါ၏ဟု လျှောက်ကုန်၏၊ ထိုမင်းချင်းယောကျာ်းတို့ကို မင်းသည် “မင်းချင်းတို့ သွားကြကုန်၊ ညချမ်းအခါ၌ လှံပေါင်းတစ်ရာတို့ဖြင့် ထိုးသတ်ကြကုန်ဦးလော့”ဟု ဤသို့ ဆိုရာ၏၊ ထိုယောကျာ်းကို ညချမ်းအခါ၌ လှံပေါင်းတစ်ရာတို့ဖြင့် ထိုးသတ်ကုန်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြ ကုန်သနည်း၊ တစ်နေ့တည်း၌ လှံပေါင်းသုံးရာတို့ဖြင့် ထိုးသတ်ညှဉ်းဆဲအပ်သည်ရှိသော် ထိုလှံပေါင်းသုံးရာတို့ဖြင့် ထိုးခြင်းတည်းဟူသော အကြောင်းကြောင့် ထိုယောကျာ်းသည် ဆင်းရဲခြင်း နှလုံးမသာခြင်း ဒုက္ခ ဝေဒနာကို ခံစားရာသလော၊ အသျှင်ဘုရား တစ်ချောင်းသော လှံဖြင့်ပင်လည်း ထိုးသတ်ညှဉ်းဆဲသည်ရှိ သော် ထိုအကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်း ဝေဒနာကို ခံစားရရာ၏၊ လှံပေါင်းသုံးရာတို့ဖြင့် ထိုးသတ်ညှဉ်းဆဲအပ်သော်ကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု လျှောက်ကြကုန်၏။ ရဟန်းတို့ ဤအတူပင်လျှင် “ဝိညာဏာဟာရကို မှတ်အပ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။ ရဟန်းတို့ ဝိညာဏာ ဟာရကို ပိုင်းခြား၍ သိအပ်သည်ရှိသော် နာမ်ရုပ်ကို ပိုင်းခြား၍ သိနိုင်၏၊ နာမ်ရုပ်ကို ပိုင်းခြား၍ သိသည် ရှိသော် အရိယာတပည့်အား အထက်၌ ပြုဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိတော့ပြီဟု ငါဘုရား ဟော၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။