သံယုတ္တနိကာယ်—၉

၆—အနုရုဒ္ဓသုတ်

၂၂၆။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင် အနုရုဒ္ဓါ၏ ရှေးက မယားဖြစ်ဖူးသော တာဝတိံသာနတ်ပြည်၌ ဖြစ်သော ဇာလိနီမည်သော နတ်သမီး တစ်ယောက်သည် ထိုအသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“အကြင်အရပ်၌ ရှေးအခါက သင် နေဖူး၏၊ ထိုအရပ်၌ စိတ်ကို တောင့်တလော့၊ အလုံးစုံသော ကာမဂုဏ်တို့နှင့် ပြည့်စုံသော တာဝတိံသာနတ်ပြည်တို့၌ နတ်သမီး အပေါင်းတို့ဖြင့် ဝိုင်းအုံ ခြံရံအပ်သည် ဖြစ်၍ တင့်တယ်ခဲ့ဖူး၏”ဟု လျှောက်၏။

“နတ်သမီးတို့သည်ကား သက္ကာယဒိဋ္ဌိ၌ တည်ကုန်သည် ဖြစ်၍ မကောင်းသော လားရာ ရှိကုန်၏၊ ထိုနတ်သမီးတို့သည်လည်း ဒုဂ္ဂတိဘုံသို့ ရောက်ကုန်သေး၏။ အကြင်တာဝတိံသာနတ်တို့ကို နတ်သမီးတို့ တောင့်တအပ်ကုန်၏၊ ထို (တာဝတိံသာ) သတ္တဝါတို့သည်လည်း ဒုဂ္ဂတိဘုံသို့ ရောက်ရကုန်သေး၏”ဟု မိန့်ဆို၏။

“အကြင်သူတို့သည် များစွာသော အခြံအရံရှိသော တာဝတိံသာနတ်ပြည်၌ နေ ကုန်သော နတ်သားတို့၏ နေရာဖြစ်သော နန္ဒဝန်ဥယျာဉ်ကို မမြင်ဖူးကုန်၊ ထိုသူတို့သည် ချမ်းသာကို မသိကုန်”ဟု (ဆို၏)။

“အမိုက်မ အကြင်အခြင်းအရာဖြင့် ရဟန္တာပုဂ္ဂိုလ်တို့၏ စကားသည် ရှိ၏၊ ထို စကားကို သင် မသိ၊ အလုံစုံသော သင်္ခါရတို့သည် အမြဲ မရှိကုန်၊ ဖြစ်တတ်, ပျက် တတ်သော သဘောရှိကုန်၏၊ ဖြစ်ကုန်ပြီး၍ ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်း ရာဖြစ်သော နိဗ္ဗာန်သည်သာ ချမ်းသာ၏။ (ဤသို့သော စကားကို သင် မသိ)။

ဇာလိနီနတ်သမီး နတ်ပြည်၌ ယခုအခါ (ငါ၏) တစ်ဖန် နေခြင်းသည် မရှိတော့ပြီ၊ ပဋိသန္ဓေနေခြင်း သံသရာသည် ကုန်ပြီးပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း သည် မရှိတော့ပြီ”ဟု (ဆို၏)။