သုတ္တနိပါတ်ပါဠိတော်
၉-ကိံသီလသုတ်
၃၂၇။ အဘယ်သို့ သော ဝါရိတ္တသီလရှိသူ အဘယ်သို့ သော စာရိတ္တသီလရှိသူ အဘယ်သို့ ကံတို့ကို ပွါးများသူသည်သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်နိုင်ပါသနည်း၊ မြတ်သော အရဟတ္တဖိုလ်သို့လည်း ရောက်နိုင်ပါသနည်း။ (၁)
၃၂၈။ ပညာ ဂုဏ် ဇာတ် အရွယ်အားဖြင့် ကြီးသူတို့အား ရိုသေရာ၏။ ငြူစူခြင်း မရှိရာ၊ အလေးပြုထိုက်သူတို့ကို ဖူးမြော်ရန်အခါ ကိုလည်း သိရာ၏။ တရား နာရန် ရခဲသော ခဏကို သိသည်ဖြစ်၍ဟောကြားအပ်သော သမထဝိပဿနာစကားကိုလည်းကောင်း၊ ကောင်းစွာ ဟောအပ်သော ဘုရားဂုဏ်တော်စသောတရားတို့ကိုလည်းကောင်း ရိုသေစွာ နာယူရာ၏။ (၂)
၃၂၉။ သင့်လျော်သော ကာလ၌ ခက်ထန်သော မာန်ကို ကင်းအောင်ပြုလျက်ကိုယ်နှင့် စိတ်ကို နှိမ့်ချကာဆရာတို့ထံသို့ ဆည်းကပ်ရာ၏။ပါဠိ၏ အနက်သဘောကိုလည်းကောင်း၊ပါဠိကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ မြတ်သောအကျင့်ကိုလည်းကောင်း အောက်မေ့ရာ၏။ ကောင်းစွာလည်းကျင့်ရာ၏။ (၃)
၃၃ဝ။ သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသူ တရား၌ မွေ့လျော်သူ တရား၌ တည်သူတရားအဆုံးအဖြတ်ကို သိသူ ဖြစ်ရာ၏။ တရားကို ဖျက်ဆီး တတ်သည့် စကားကို မဟောပြောရာ၊ ကောင်းစွာ ဟောအပ်သောမှန်သော စကားတို့ဖြင့် ကာလကို ကုန်လွန်စေရာ၏။ (၄)
၃၃၁။ ရယ်မြူးခြင်းကိုလည်းကောင်း၊ အကျိုးမဲ့စကားပြောခြင်းကိုလည်းကောင်း၊ ငိုကြွေးခြင်းကိုလည်းကောင်း၊ အရာမဟုတ်သည်၌ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ လှည့်ပတ်ခြင်း 'မာယာ'ကိုလည်းကောင်း၊အံ့ဖွယ်ပြုခြင်းကိုလည်းကောင်း၊ တပ်မက်ခြင်းကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ ခြုတ်ခြယ်ခြင်းကိုလည်းကောင်း၊ ကြမ်း ကြုတ်ခြင်းကိုလည်းကောင်း၊ ရာဂဖန်ရည်ကိုလည်းကောင်း၊ ကာမဂုဏ်၌ မိန်းမောခြင်းကိုလည်းကောင်း စွန့်ပယ်လျက် မာန်ယစ်ခြင်းကင်းကာ စိတ်တည်ကြည်သည်ဖြစ်၍ ကျင့်ရာ၏။ (၅)
၃၃၂။ ကောင်းစွာဟောအပ်သော စကားတို့သည် သိမှု (သုတမယဉာဏ်)ဟူသော အနှစ်သာရရှိကုန်၏။ အကြားအမြင်သုတသည်လည်း သိအပ်ပြီးသောတရားတို့၌ ကောင်းစွာထားမှု 'သမာဓိ'ဟူသော အနှစ်သာရရှိ၏။ အကြင်သူသည် ရာဂစသည်တို့၏ အစွမ်းဖြင့် အဆောတလျင် ပြုလုပ်၏။ ကုသိုလ်တရားတို့၌ မေ့လျော့တတ်၏။ ထိုသူအား ပညာသည်လည်းကောင်း၊ အကြားအမြင်သည်လည်းကောင်း မတိုးပွါး။ (၆)
၃၃၃။ အကြင်ပုဂ္ဂိုလ်တို့သည် အရိယာတို့ ဟောကြားအပ်သောတရား၌ မွေ့လျော်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် နှုတ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်းအတုမရှိ မြတ်ကုန်၏။ နိဗ္ဗာန်၌ မွေ့လျော်မှု (အရိယမဂ်နှင့် ယှဉ်သော) သမာဓိ၌ တည်ကုန်လျက်အကြားအမြင်၏လည်းကောင်း ပညာ၏လည်းကောင်း အနှစ် (အရဟတ္တဖိုလ်) ကို ရကုန်၏။ (၇)
ကိုးခုမြောက် ကိံသီလသုတ် ပြီး၏။